စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသအတွင်း ယခုနှစ်ဆောင်းရာသီကာလ ဆောင်းခိုငှက်များလာရောက်ကျက်စားစဉ် ကာကွယ်စောင့်ရှောက်ကြရန်နှင့် ပစ်ခတ်ဖမ်းဆီးမှုများမပြုလုပ်ကြရန် ကလေးမြို့နယ် သစ်တောဦးစီးဌာနက သတိပေးဆိုင်းဘုတ်များထောင်၍ အသိပေးထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ တာဝန်ရှိတဲ့ဌာနကထိန်းသိမ်းစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေမယ့် ကျွန်တော်တို့လက်လှမ်းမမီတဲ့နေရာတွေမှာ ရေပျော်ငှက်တွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ ရှားပါးငှက်တွေကို ထောင်ဖမ်းရောင်းစားမှုတွေရှိနေတဲ့အတွက် ကလေးဒေသမှာတစ်နှစ်ထက်တစ်နှစ် ဆောင်းခိုငှက်မျိုးစုံဝင်ရောက်လာမှု နည်းပါးသွားခဲ့ပါတယ်။ အခု ဆယ်စုနှစ်အတွင်းမှာဒီနှစ်ဟာ ဆောင်းခိုငှက် ဝင်ရောက်လာမှု အများဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ပညာပေးတားဆီးမှု သတိပေးဆိုင်းဘုတ်ထောင်တာတွေ လုပ်ကြတာဖြစ်ပါတယ်၊ကျွန်တော်တို့နဲ့အတူ ဒေသခံပြည်သူလူထုတစ်ရပ်လုံး ပါဝင်စောင့်ရှောက်ဖို့ လိုပါတယ်'' ဟု ၎င်းကပြောသည်။
ကလေးဒေသသည် မြစ်ချောင်းအင်းအိုင်ပေါများသည့်အတွက် လွန်ခဲ့သည့် အနှစ်လေးဆယ်ကျော် ကာလက အိန္ဒိယနိုင်ငံဖက်မှ ပြောင်းရွှေ့နေထိုင်ကျက်စားသည့် ဆောင်းခိုငှက်မျိုးစုံကို ကလေးမြို့နယ် မြစ်သာမြစ်ရိုးတစ်လျှောက်တွင် လည်းကောင်း၊ နေဉ္စရာမြစ်နှင့်မာန်လုံချောင်းရိုးတစ်လျှောက်တွင် အုပ်စုလိုက်တွေ့မြင်ခဲ့ရသော်လည်း တရားမဝင်ဖမ်းဆီးသတ်ဖြတ်မှုများပြားလာသည့်အတွက် တစ်နှစ်ထက်တစ်နှစ်ဆောင်းခိုငှက်တွေ့ရှိရမှု နည်းပါးလာခဲ့သည်။
''လွန်ခဲ့တဲ့ ကာလတွေတုန်းကတော့ ခံတက်အင်းဆိုတာ ငှက်မျိုးစုံတွေ့ရတဲ့နေရာဖြစ်ပါတယ်။ ကလေးအင်း၊ တိမ်းငြင်းအင်း၊ ရာဇဂြိုဟ်အင်းဆိုတာလည်း ဆောင်းခိုငှက်တွေအများဆုံးတွေ့ရတဲ့ အင်းတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာ ရေပျော်ငှက်ဆိုတာမတွေ့ရသလောက် နည်းပါးသွားတယ်။ဒီနှစ်မှာတော့ ဒီဇင်ဘာလဆန်းရက်ကစလို့ ကလေးမြို့နယ် မြစ်သာမြစ်ရိုးတစ်လျှောက်မှာ ဆောင်းခိုငှက်မျိုးစုံတွေ့လာရတာ ဖြစ်ပါတယ်'' ဟု ကလေးဒေသခံ ဦးကျော်ဆန်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မြစ်သာမြစ်ရိုးတစ်လျှောက်နှင့်ဆောင်းခိုငှက်များ တွေ့ရတတ်သည့်မြစ်ချောင်းအင်းအိုင်တို့တွင် ကလေးမြို့နယ် သစ်တောဌာနမှ ဆောင်းခိုငှက်မျိုးစုံနှင့် ရေပျော်ငှက်မျိုးစုံကိုဖမ်းဆီးသတ်ဖြတ်မှုများမှ ကာကွယ်နိုင်ရန်နှင့်အများပြည်သူသိသာရန် သတိပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ ပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
















