ကမ္ဘာပေါ်တွင် COVID-19 ကြောင့် သေဆုံးသူဦးရေ နှစ်သန်းကျော်ပြီ

ကမ္ဘာပေါ်တွင် COVID-19 ကြောင့် သေဆုံးသူဦးရေ နှစ်သန်းကျော်ပြီ

ဇန်နဝါရီ ၁၆ ရက်တွင် ကမ္ဘာပေါ်၌ COVID-19 ကြောင့် သေဆုံးသူ နှစ်သန်းကျော်ရှိခဲ့ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရပြီး ကမ္ဘာ့နိုင်ငံ အများစုမှာလည်း အသစ်ပေါ်ထွက်နေသော သန္ဓေပြောင်း ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ကြိုးစားလုပ်ဆောင်နေရ သည်။ 

ကမ္ဘာပေါ်တွင် COVID-19 ရောဂါပိုး စတင်တွေ့ရှိချိန်မှစ၍ သေဆုံးသူ တစ်သန်းပြည့်မြောက်ရန် ၉ လအထိ အချိန်ကြာမြင့်ခဲ့သော်လည်း အခြား နောက်ထပ် တစ်သန်း ပြည့်ရန်အတွက် အချိန် သုံးလသာ ကြာမြင့်ခဲ့ကြောင်း  ရိုက်တာသတင်းဌာန၏ မှတ်တမ်းများအရ သိရသည်။

၂၀၂၁ ခုနှစ် ရောက်ရှိလာချိန်တွင် ကမ္ဘာပေါ်၌ COVID-19 ကြောင့် တစ်ရက်ပျမ်းမျှ သေဆုံးသူဦးရေမှာ ၁၁၉၀၀ ရှိနေပြီး ၈ စက္ကန့်တွင် လူတစ်ဦး နှုန်းဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

‘’ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ စိတ်နှလုံးကြေကွဲထိခိုက်ဖွယ်ရာ မှတ် တိုင်တစ်ခုကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုလိုမျိုး အံ့အားသင့်စရာ ကောင်းလွန်းတဲ့ ကိန်းဂဏန်းရဲ့နောက်မှာ အမည်နာမတွေနဲ့ မျက်နှာတွေ ရှိနေကြပါတယ်။ ညစာစားပွဲမှာ အမြဲတမ်း လစ်လပ်နေတော့မယ့် ထိုင်ခုံတစ်လုံး၊ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ရဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းငယ်တစ်ခုနဲ့ အပြုံးတွေသာပဲ အမှတ်ရစရာအဖြစ် ကျန်နေခဲ့ပြီလေ’’ ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်ထော်နီယိုဂူတာရက်စ်က ကြေကွဲဝမ်းနည်းစွာဖြင့် ပြောကြားခဲ့သည်။

ထို့ပြင် ကပ်ရောဂါကြီးကို ကမ္ဘာပေါ်မှ အပြီးတိုင် တိုက်ဖျက်ပစ်နိုင်ရေး မှာ ပူးပေါင်းဆောင်ရွက်ခြင်းသာလျှင်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်း စဉ်များအတွက် ရန်ပုံငွေများ တိုးမြှင့်လျာထားဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းပြောကြားသွားခဲ့သည်။