မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိဟေမာန်ဦး ပရိယတ္တိစာသင်တိုက်တွင်သံဃာတော် ၁၁ ပါး၌ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး အဆိုပါ စာသင်တိုက်အား Lockdown ချထားသဖြင့် စာသင်တိုက်တွင် ပဋိယတ္တိစာပေများသင်ကြားနေသော သံဃာတော်အပါး ၈ဝ ကျော်အတွက် မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဆန်အိတ် ၃၅ အိတ်အားဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းကလှူဒါန်းခဲ့ကြောင်း သိရသည်။
အလားတူ မြဝတီမြို့ရှိ DKBA ဗဟိုကုန်သွယ်ရေးဌာနမှ ဒုဗိုလ်မှူးကြီးမြတ်ဇော်ဦးနှင့် လက်အောက်ခံတပ်ဖွဲ့ဝင်များစုပေါင်း၍ မြဝတီမြို့တွင်း ဆန် ၁ဝ အိတ်၊ ဆီတစ်ပုံး၊ မာမားခေါက်ဆွဲ ၁ဝ ဖာ၊ ငါးသတ္တာ ကဒ်ကြီး ငါးဖာ၊ကြက်ဥ ၁ဝ ကဒ်၊ အာလူးနှစ်အိတ်၊ကြက်သွန်နီနှစ်အိတ်၊ ကြက်သွန်ဖြူတစ်အိတ်တို့ လှူဒါန်းခဲ့သည်။
''ဒီပရိယတ္တိစာသင်တိုက်မှာ သံဃာတော် အပါး ၈ဝ ကျော် ရှိပါတယ်။အခု လော့ဒေါင်းချထားတော့ သံဃာတော်တွေ အခက်အခဲဖြစ်ကြတာပေါ့။ဒါကြောင့် ပြည်နယ်အစိုးရက ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ပံ့ပိုးပေးထားတဲ့ဆန်တွေထဲက ဆန်အိတ် ၃၅ အိတ်ကိုလှူဒါန်းပေးသလို အခြားအလှူရှင်များကလည်း ဝိုင်းဝန်းလှူဒါန်းခဲ့ကြပြီးသံဃာတော်များ အဆင်ပြေရေးအတွက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်''ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောသည်။
လက်ရှိ မြဝတီမြို့တွင် ကိုဗစ်ရောဂါကူးစက်သူ ၆ဝ၈ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။
















