မန်းစက်မှုဇုန်အတွင်း ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီလည်ပတ်မှုရှိမရှိ ရှောင်တခင်စစ်ဆေး

မန်းစက်မှုဇုန်အတွင်း ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီလည်ပတ်မှုရှိမရှိ ရှောင်တခင်စစ်ဆေး

မန္တလေးမြို့ စက်မှုဇုန်အတွင်းရှိစက်ရုံအလုပ်ရုံများအနေဖြင့် ရာနှုန်းပြည့်နီးပါး ပုံမှန်လည်ပတ်မှုရှိလာပြီဖြစ်သောကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ရေးအတွက်သတ်မှတ်စည်းကမ်းချက်များနှင့်အညီလုပ်ကိုင်ခြင်းရှိမရှိကို ရှောင်တခင်ဝင်ရောက်စစ်ဆေးလျက်ရှိကြောင်း မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

စက်မှုဇုန်ရှိ စက်ရုံတချို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုရှိခဲ့သော်လည်း ပြန့်ပွားမှုမရှိစေရန် အချိန်မီ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ လုပ်သားအင်အားများပြားသည့် စက်ရုံအလုပ်ရုံကြီးများအား ပထမဦးစားပေးအဆင့်အဖြစ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

''ဇန်နဝါရ ၁၅ ရက် မွန်းလွဲပိုင်းကကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ စက်ရုံတစ်ရုံကိုရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး နောက် ထပ်လည်းရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမယ့်စက်ရုံအလုပ်ရုံတွေလည်း ရှိပါတယ်။စက်ရုံအလုပ်ရုံ ၁ဝ ရုံလောက်မှာ ကိုဗစ်ပိုးတွေ့ရှိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပေမယ့်လည်း နဂိုကတည်းက ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့ ပတ်သက်လို့အတိအကျလိုက်နာမှသာ လည်ပတ်ခွင့်ပြုခဲ့တာဖြစ်လို့ ရောဂါဖြစ်ပွားလာတဲ့အခါမှာ ထိန်းချုပ်နိုင်တဲ့အနေအထားရှိတာပါ။ အခု ရှောင်တခင်စစ်ဆေးကြည့်တဲ့အခါ စက်ရုံအလုပ်ရုံတွေဟာသတ်မှတ်စည်းကမ်းချက်တွေအတိုင်းလိုက်နာမှုရှိကြတာကိုတွေ့ရှိရပြီးကိုဗစ်ဂယက် စီးပွားရေးကျဆင်းမှုကြောင့်အချိန်ပိုင်းလည်ပတ်နေကြတဲ့ စက်ရုံအလုပ်ရုံတွေရှိပေမယ့် အများစုကတော့ အခုဆိုရင် ပုံမှန်အတိုင်းလည်ပတ်လျက်ရှိကြပါတယ်''ဟု မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ အတွင်းရေးမှူး ဦးရဲဝင်းအောင်က ပြောကြားသည်။

ယခုလက်ရှိတွင် မန္တလေးစက်မှုဇုန်အတွင်း၌ လူစုလူဝေးဖြစ်စေနိုင်သည့် အစည်းအဝေးများ၊ သင်တန်းများနှင့် အခမ်းအနားများကို မပြုလုပ်ကြရန် စက်ရုံ အလုပ်ရုံပိုင်ရှင်များသို့ညွှန်ကြားခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်၊လိုက်နာရန် အချက်အလက်များ ပါဝင်သော လက်ကမ်းစာစောင်များကိုဝန်ထမ်းများသို့ ဖြန့်ဝေကာ ဗီနိုင်းပိုစတာများဖြင့်အသိပေးခြင်းတို့ကို ဆောင်ရွက်ထားပြီး ဝန်ထမ်းကြီးကြပ်ရေးမှူးများအနေဖြင့် ဝန်ထမ်းများထဲတွင် သံသယလူနာတွေ့ရှိပါက အလုပ်ရှင်နှင့်ကော်မတီကို ချက်ချင်းအကြောင်းကြားရန်ညွှန်ကြားထားကြောင်း သိရသည်။

မန္တလေးစက်မှုဇုန်၌ စက်ရုံအလုပ်ရုံပေါင်း ၁၈ဝဝ ကျော်နှင့် ဝန်ထမ်းပေါင်း ၂ဝဝဝဝ ကျော်ရှိရာ ပူးပေါင်းအဖွဲ့များက စစ်ဆေးပြီးစီးခဲ့သည့် စက်ရုံအလုပ်ရုံကြီး ၂၉၄ ရုံနှင့် စက်ရုံအလုပ်ရုံလတ်/သေး ၈၁ဝ အထိ ရှိပြီဖြစ်ကြောင်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး