မန္တလေးခေတ်ဟောင်း အလွမ်းပြေဓာတ်ပုံစာအုပ် ထုတ်ဝေရန်ရှေးဟောင်းဓာတ်ပုံများ ကူညီပေးပို့လိုသူများအား ဖိတ်ခေါ်

မန္တလေးခေတ်ဟောင်း အလွမ်းပြေဓာတ်ပုံစာအုပ် ထုတ်ဝေရန်ရှေးဟောင်းဓာတ်ပုံများ ကူညီပေးပို့လိုသူများအား ဖိတ်ခေါ်

၁၉၅ဝ ပြည့်နှစ်ဝန်းကျင်က မန္တလေးမြို့၏ ရှေးဟောင်းဓာတ်ပုံမှတ်တမ်းများကို စုစည်း၍ခေတ်ဟောင်းမန္တလေး အလွမ်းပြေဓာတ်ပုံစာအုပ်တစ်အုပ်ကို ထုတ်ဝေသွားရန် စီစဉ်လျက်ရှိရာဓာတ်ပုံများအတွက် ကူညီပေးပို့လိုသူများကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

ရှေးဟောင်းဓာတ်ပုံများကိုစိတ်ဝင်စားသူများနှင့် မှတ်တမ်းအဖြစ် တစုတစည်းတည်းသိမ်းဆည်းလိုသူများအတွက်ရည်ရွယ်ကာ ခေတ်ဟောင်းဓာတ်ပုံများကိုစုစည်း၍ စာအုပ်အဖြစ် ပထမဦးဆုံးထုတ်ဝေရန် စီစဉ်ရခြင်းဖြစ်ပြီး ၁၉၅ဝ ပြည့်နှစ်ဝန်းကျင်က မန္တလေးမြို့ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် သကြင်္န်ပွဲတော်ပုံများ၊ တန်ဆောင်တိုင်လ ကထိန်ပွဲတော်ပုံများ၊ကဆုန်ညောင်ရေသွန်းပွဲတော်ပုံများ၊ မန္တလေးစျေးချိုနှင့် အနီးတစ်ဝိုက်လှုပ်ရှားသွားလာမှုပုံများ၊ အလှူတော်မင်္ဂလာကျင်းပမှုပုံများ၊ မင်္ဂလာဆောင်ပွဲများအပါအဝင် ဓာတ်ပုံပေါင်းရာချီထည့်သွင်း ဖော်ပြမည်ဖြစ်သည်။

''ကျွန်တော့်လက်ထဲမှာလည်း ငယ်ငယ်ကတည်းကစုဆောင်းလာတဲ့ ဓာတ်ပုံတွေရော၊ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေရောက စုစုပေါင်း တစ်ရာကျော်ရှိတယ်။ ဒါတောင် ၁၉၈၄ ခုနှစ် မီးကြီးလောင်တုန်းက ဓာတ်ပုံတော်တော်များများက မီးလောင်တဲ့အထဲ ပါသွားခဲ့တာပါ။အစတုန်းကတော့ မန္တလေးသကြင်္န်ပွဲတော်ဓာတ်ပုံတွေကိုပဲ စုစည်းထုတ်ဝေဖို့ စဉ်းစားခဲ့ပေမယ့်ရှေးဟောင်းဓာတ်ပုံတွေရှိကြတဲ့မိတ်ဆွေတွေက တခြားမန္တလေးနဲ့သက်ဆိုင်တဲ့ပုံတွေပါထည့်သွင်းသင့်တယ်လို့ အကြံပေးကြတာကြောင့် စာအုပ်အတွက်မေတ္တာနဲ့ပေးပို့ကူညီကြမယ့်သူတွေရဲ့ဓာတ်ပုံတွေကိုလည်း လက်ခံအသုံးပြုသွားမှာပါ။ စာအုပ်ကို တန်ဖိုးနည်းနည်းနဲ့ဖြန့်ဝေနိုင်ဖို့အတွက် ဓာတ်ပုံကူညီသူတွေကို ဓာတ်ပုံဖိုးအနေနဲ့ ချီးမြှင့်ပေးနိုင်မှာ မဟုတ်ပေမယ့်မန္တလေးမြို့နဲ့သက်ဆိုင်တဲ့ သမိုင်းမှတ်တမ်းတစ်ခုအဖြစ် ကျန်ရစ်ဖို့ ဝိုင်းဝန်းကူညီကြမယ်လို့ဆက်သွယ်လာကြတဲ့ သူတွေ ရှိပါတယ်။ ကိုယ့်လက်ထဲမှာသိမ်းထားလို့ နှစ်တွေကြာလာတာနဲ့အမျှ ပျောက်ဆုံးပျက်စီးသွားမှာကို စိုးရိမ်နေရတာထက်စာရင် စာအုပ်အဖြစ်ထုတ်ဝေလိုက်တော့ နောင်လာနောက်သားတွေအနေနဲ့ ခေတ်ဟောင်းပုံတွေကို ပြန်လေ့လာလို့ရနိုင်တာပေါ့ဟု ခေတ်ဟောင်း မန္တလေးအလွမ်းပြေဓာတ်ပုံစာအုပ်စီစဉ်သူ ဆရာဦးမောင်မောင်လတ်(ချစ်ညို)က ပြောကြားသည်။

ဓာတ်ပုံဝါသနာရှင်များနှင့် ဓာတ်ပုံစုဆောင်းထားသူများက ပေးပို့လာသည့် ရှေးဟောင်းဓာတ်ပုံများထဲမှ မြင်ကွင်းပီပြင်၍ ဓာတ်ပုံသားအရည်အသွေးကောင်းမွန်နေဆဲဖြစ်သည့်ပုံများကိုသာ စာအုပ်တွင် ပုံစာနှင့်အတူ ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပြီး လက်ခံရရှိသောဓာတ်ပုံအရေအတွက်ပေါ်မူတည်သဖြင့် စာအုပ်တွင်ပါဝင်မည့်စာမျက်နှာအရေအတွက်ကိုမူအတိအကျမပြောနိုင်သေးကြောင်း ဆိုသည်။ အဆိုပါဓာတ်ပုံစာအုပ်ကို ၂ဝ၂၁ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသကြင်္န်ပွဲတော်မတိုင်မီ ထုတ်ဝေသွားရန် ရည်မှန်းထားသောကြောင့်ရှေးဟောင်းဓာတ်ပုံများကို ကူညီပေးပို့လိုသူများအနေဖြင့် မတ်လဆန်းပိုင်းနောက်ဆုံးထားကာဦးမောင်မောင်လတ်(ချစ်ညို) ဖုန်း-ဝ၉၉၇၅၃၄၂၄၅၇ နှင့် ဦးစိုးမြင့်သိန်း ဖုန်း-ဝ၉၉၇၄၂၂၉၃၂၂ တို့သို့ ဆက်သွယ်ပေးပို့နိုင်ပြီး စာအုပ်ထုတ်ဝေပြီးပါက ဓာတ်ပုံများကို မူလစုဆောင်းထားသူသို့ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး