နေပြည်တော် ကောင်စီနယ်မြေရှိ ကမ်းပါးများ၌ လုပ်ငန်းလုပ်ကိုင်နေသူများအား ဥပဒေများလိုက်နာရန် အသိပေး

နေပြည်တော် ကောင်စီနယ်မြေရှိ ကမ်းပါးများ၌ လုပ်ငန်းလုပ်ကိုင်နေသူများအား ဥပဒေများလိုက်နာရန် အသိပေး

နေပြည်တော် ကောင်စီနယ်မြေ၊ ပေါင်းလောင်းမြစ်ကမ်းဘေး၊ ကျည်တောင်ရွာပတ်ဝန်းကျင်မှအပန်းဖြေစခန်းများ၊ ကမ်းပါးနယ် အသုံးပြုနေသူများနှင့် သဲတူးဖော်သူများအနေဖြင့် ဥပဒေများလိုက်နာရန် ရေ/မြစ်/ဖြိုး(ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)က အသိပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း နေပြည်တော် ကောင်စီနယ်မြေ၊ ရေ/မြစ်/ဖြိုး ညွှန်ကြားရေးမှူး ဦးဆောင်ဒိုင်းက ပြောသည်။

မြစ်များ၊ ချောင်းများနှင့်ပတ်သက်၍ ရေ/မြစ်/ဖြိုး စီမံခန့်ခွဲမှု အောက်၌ရှိရာ ဥပဒေပုဒ်မ ၁၂ တွင် မည်သူမျှ မြစ်ချောင်း နယ်၊ ကမ်းပါးနယ်နှင့်ကမန်းနားနယ်တို့၌ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်း၏ ခွင့်ပြုချက်မရှိဘဲ ဥယျာဉ် ခြံမြေ စိုက်ပျိုးခြင်း၊ မြေတူး/မြေဖို့ခြင်း၊ နုန်းဖမ်းခြင်း၊ အင်းပိတ်ခြင်း၊ တမံဖို့ခြင်း(သို့မဟုတ်)တုတ်ရိုက်ခြင်း မပြုရဟု ပါရှိသည်။

“ကမ်းပါးနယ် အသုံးပြုရင် ဌာနရဲ့သဘောထားမှတ်ချက်ယူရမယ်။ အခိုင်အမာ အဆောက်အဦတွေ ဆောက်လို့ မရဘူး။ မြစ်ချောင်းတွေကို အနှောင့်အယှက် အဟန့်အတားဖြစ်မယ့် ကိစ္စမျိုးမလုပ်ရဘူး။ အပန်းဖြေစခန်း တချို့ က ကမ်းပါးမြေလိုချင်လို့ မြေတွေဖို့ကြတယ်။ ဒါမျိုးတွေမဖြစ်အောင် ပြီးခဲ့တဲ့ရက်ပိုင်းက အသိပေးစာတွေဝေငှ ခဲ့ပြီး မသိပါဘူးလို့ ပြောလို့မရအောင် လက်မှတ်ထိုးခိုင်းတယ်”ဟု ယင်းဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်ဒိုင်းကပြောသည်။

ပေါင်းလောင်းမြစ်ကမ်းဘေး၌ အပန်းဖြေစခန်းများ ဖွင့်လှစ်ခြင်းနှင့် ကမ်းပါးနယ်၌ သဲတူးဖော်သူများရှိရာ ၎င်းတို့ လုပ်ငန်းလုပ်ကိုင်ပါက ရေ/မြစ်/ဖြိုးဌာန၏ သဘောထားမှတ်ချက်ရယူရန် လို ကြောင်း၊ အများအားဖြင့် ထိုသို့ ရယူခြင်းမရှိဘဲ လုပ်ကိုင်နေသူများရှိနေသဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အတူ လိုအပ်သည့် အသိပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

“အပန်းဖြေစခန်းတစ်ခုက ကမ်းပါးမြေဖို့တော့ ရေအရင်းမြစ်နဲ့ မြစ်ချောင်းများ ဥပဒေ ပုဒ်မ ၁၂ အရ အရေးယူ ခံရမယ်လို့ ပြောပြီး ပြန်ဖယ်ခိုင်းရတယ်။ သူတို့အကြောင်းပြတာက ကမ်းပါးအတက်အဆင်းကောင်း အောင် လို့တဲ့။ ဥပဒေအရ ဌာန သဘောထားမပါရင် လုပ်လို့မရဘူ။ရပ်မိရပ်ဖတွေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေခေါ်ပြီး ပြန်ဖယ်ခိုင်းရတယ်။ မှတ်တမ်းပုံတွေ ယူထား တယ်”ဟု ဆက်လက်ပြောကြားသည်။

ရေ/မြစ်/ဖြိုး ဦးစီးဌာန၏ ခွင့်ပြု ထောက်ခံချက်မရှိဘဲ မြစ်ချောင်းများနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ် တို့၌ စီးပွားရေးအလို့ငှာ သဲများ ကျောက်များနှင့် အခြားလေးလံသော အရာဝတ္ထုများ စုပုံခြင်းမပြုရသည့် အပြင် အဆောက်အအုံများနှင့် တံတားများ၊ လမ်းများ ကမ်းထိန်းအဆောက်အအုံများ မြစ်ကမ်းထိန်းသိမ်းရေး လုပ်င်းများဆောင်ရွက်ခြင်းမပြုရဟု ဥပဒေတွင် ပါရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်