COVID-19 ကာကွယ်ဆေးဝယ်ယူရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ KMC ကိုယ်ပိုင် အထက်တန်းကျောင်း ပရဟိတမိသားစုကအလှူငွေ ကျပ်သိန်း ၅ဝ ကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် KMC ကိုယ်ပိုင်အထက်တန်းကျောင်း ပရဟိတမိသားစုက တာဝန်ရှိသူများဖြစ်ကြသည့် ဦးခင်မောင်ချို၊ ဒေါက်တာဥမ္မာ၊ ဒေါ်နော်လေးဖောဝါး၊ ဒေါ်မိမိငယ်တို့က နိုင်ငံတော်၏ COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေသို့ အလှူငွေကျပ်သိန်း ၅ဝ ကို ပေးအပ်လှူဒါန်းရာမန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လက်ခံရယူပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်ကာကျေးဇူးတင်စကား ပြောကြားသည်။
''နိုင်ငံတော်ဘက်က မြန်မာပြည်သူပြည်သားတွေ ကိုဗစ်ကာကွယ်ဆေးအမြန်ဆုံးထိုးဖို့အတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းမှာ တစ်ဖက်တစ်လမ်းကနေပါဝင်ကူညီတဲ့အနေနဲ့ လှူဒါန်းဖြစ်သွားတာပါ။ ကျွန်တော်တို့ ကိုယ်ပိုင်အထက်တန်းကျောင်းဟာ ပရဟိတမိသားစုတွေ ဝိုင်းဝန်းထည့်ဝင်လှူဒါန်းကြတဲ့အလှူငွေဖြစ်ပြီး အရင်ကလည်း မြန်မာနိုင်ငံတွင်းက ပရဟိတလုပ်ငန်းတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ကိုဗစ်ကြောင့်အခုဆိုရင် အခြေခံပညာကျောင်းတွေ၊ကိုယ်ပိုင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကလေးတွေရဲ့ ပညာရေးပါထိခိုက်စေတာကို လက်တွေ့မြင်နေရပါတယ်။ ဒါကြောင့်မို့ ကာကွယ်ဆေးအမြန်ဆုံးထိုးနိုင်ပြီး ရောဂါကို ထိန်းချုပ်နိုင်ရင် ကျောင်းတွေလည်းပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နိုင်မှာပါ။ ကျောင်းတွေဖွင့်တဲ့အခါမှာ ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ သင်ကြားပေးနိုင်ဖို့အတွက်တော့ ကြိုတင်ပြင်ဆင်မှုပိုင်းတွေ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်''ဟု KMC ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးခင်မောင်ချိုက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ စေတနာအလှူရှင်များ၊ ကုမ္ပဏီအသင်းအဖွဲ့များက COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး ကိစ္စတွင်အသုံးပြုရန်အတွက် အလှူငွေများကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လာရောက်လှူဒါန်းကြလျက်ရှိပြီးလက်ခံရရှိထားသည့် အလှူငွေများကိုစနစ်တကျမှတ်တမ်းပြုစု၍ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဖွဲ့စည်းထားသော ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
















