ထိုင်းအစိုးရက အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများအား နေထိုင်ခွင့်လက်မှတ် ပန်းရောင်ကတ်ကို ယခုရက်ပိုင်းအတွင်းပြုလုပ်ပေးနေသော်လည်း ကုန်ကျစရိတ်များပြားခြင်းကြောင့် မြန်မာအလုပ်သမားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
COVID-19 ကာလအတွင်း လုပ်ငန်းခွင်ရပ်နားထားရခြင်း၊ ငွေပိုစုဆောင်းထားမှုမရှိခြင်းတို့ကြောင့် အလုပ်သမားများ ပိုမိုအခက်အခဲဖြစ်ကာအလုပ်ရှင်မှ ကုန်ကျခံဆောင်ရွက်ပြီးအရစ်ကျဖြတ်တောက်ယူမည်ဆိုပါက ပိုမိုအဆင်ပြေနိုင်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် မဲဆောက်မှ ရောင်ခြည်ဦးအလုပ်သမားရုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
''တစ်လပိုင်း ၁၅ ရက်နေ့ကစပြီး ပန်းရောင်ကတ်ကို ထိုင်းအစိုးရကပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် အလုပ်သမားတွေကလက်ရှိမှာ အလုပ်နားထားရတာတွေလည်းရှိတယ်။ လုပ်အားခကို စုဆောင်းထားတာမရှိတော့အခက်အခဲဖြစ်တာပေါ့။ တကယ်ဆိုရင် အလုပ်ရှင်က ကုန်ကျစရိတ်ကိုကျခံပြီးတော့ အလုပ်သမားတွေဆီက အရစ်ကျပြန်ဖြတ်ယူလို့ရပါတယ်။ အခုကတော့ ကုန်ကျစရိတ်က ဘတ် ၉ဝဝဝ ကျော်ဆိုတော့ အတော်လေးအခက်အခဲဖြစ်ပါတယ်''ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် ရောင်ခြည်ဦး အလုပ်သမားရုံးအဖွဲ့မှူးက ပြောသည်။
မဲဆောက်မြို့တွင်နေထိုင်ပြီး အလုပ်လုပ်ကိုင်သူတစ်ဦးက ''အခုက ကိုဗစ်ကလည်းဖြစ်နေတယ်။ အလုပ်နားထားရသူတွေလည်း ရှိတယ်။တချို့ဆိုရင် ပြန်တဲ့သူလည်းရှိတယ်။ ပန်းရောင်ကတ်လုပ်ဖို့ ကုန်ကျစရိတ်ကလည်းများတော့အခက်အခဲဖြစ်နေပါတယ်။ မလုပ်လို့ကလည်းမဖြစ်။ အထောက်အထားမရှိရင်လည်း အဖမ်းဆီးခံရမယ်။ ဆိုတော့ အလုပ်သမားတွေ အတော်လေး အခက်အခဲဖြစ်နေပါတယ်''ဟုပြောသည်။
အလုပ်သမားများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှု အောင်မြင်သွားသည့်နောက်ပိုင်း Work Permit ပြုလုပ်ရန် အလုပ်သမားဆိုင်ရာရုံးတွင် စက်တင်ဘာ ၁၅ ရက်မှစတင်ကာယခုနှစ် စက်တင်ဘာ ၁၃ ရက်အတွင်း လျှောက်လွှာတင်ရမည်ဖြစ်သည်။ ထို့နောက် ဒီဇင်ဘာ ၁၁ ရက်တွင် မိမိနေရပ်မြို့နယ်ရုံးမှ ပန်းရောင်ကတ်လုပ်ပေးရန် စီစဉ်မည်ဖြစ်၍ ကုန်ကျစရိတ်စုစုပေါင်း ဘတ် ၉၁၈ဝ ဖြစ်ကာ ရေလုပ်သားများအတွက် ဘတ် ၉၃၈ဝ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
















