ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊အင်ကြင်းကုန်းရွာနောက်တောင်ဘက် ၈ မိုင်အကွာတွင် တန်ချိန် ၅ သိန်း ခန့်ရှိကျောက်စိမ်းတုံးဟုလူသိများနေသည့် ကျောက်စိမ်းတောင်(ခေါ်)ကျောက်မဏ္ဍပ်အနီးတွင် အလိုလျောက် မြေသားအပေါက်များမှ ထွက်ပေါ်နေသည့်ဓါတ်ငွေ့များမှာ မီသိန်းဓါတ်ငွေ့ဖြစ်နိုင်သည်ဟုကချင်ပြည်နယ်၊ သယံဇာတဝန်ကြီးဦးဒါရှီလာဆိုင် ကပြောသည်။
အဆိုပါနေရာမှာ သစ်တောဦးစီးဌာန၊ကြိုးပြင်ကာကွယ်တောတွင်ရှိ၍ ကချင်ပြည်နယ်၊သယံဇာတဝန်ကြီးနှင့် အဖွဲ့သည် ဇန်နဝါရီ ၁၆ ရက်က သွားရောက်ကြည့်ရှုခဲ့ရာ ဓါတ်ငွေ့များထွက်ရှိနေသည်ကိုတွေ့ရှိခဲ့၍စမ်းသပ်ခဲ့သည်ဟုဆိုသည်။
“ကိုက် ၁၀၀၊ ၂၀၀ ဝန်းကျင်မှာ မြေသားအပေါက်ကနေ လေပုံစံထွက်နေတာတွေ့ရတယ်။နှစ်ပေါင်းများစွာ ကတည်းက ရှိနေတာ။ဒေသခံတွေ တောထဲသွားရင်းနဲ့ ထမင်းအိုးတည် ချက်စားမယ်ဆိုရင် မီးချစ်ကလေး ချစ် လိုက်တာ။တောလိုက်သူတွေလည်းသုံးကြတယ်။မီသိန်းဓါတ်တွေများတဲ့အနေအထားရှိမယ်။ကျနော်နဲ့ပါလာတဲ့ တစ်ယောက်က သွားပြီး မီးရှို့လိုက်တော့ဝုန်းဆိုပြီး မီးတောက်တယ်”ဟု ဝန်ကြီးကပြောသည်။
မီသိန်းဓါတ်ငွေ့များသည် တောင်အောက်မြေသားလှိုင်ခေါင်းတွင် စုဝေးတည်ရှိနေသည်ဟုယူဆရပြီး အပေါ်ယံ မြေလွှာပေါက်များမှ ထွက်ရှိနေပြီး ဒေသခံများက လိုအပ်ပါက မီးဖိုအဖြစ်အသုံးပြုခဲ့ကြသည်မှာ ရှေးယခင်က တည်းကဖြစ်ကြောင်း၊ဓါတ်ငွေ့များပြားစွာရှိနေပါက တောင်ဝန်းကျင်ရှိ တောမီးနှင့်သစ်ရွက်ခြောက်များ မီး လောင်မည်ဖြစ်သော်လည်း ယင်းကဲ့သို့ မရှိကြောင်းသိရသည်။
“မီသိန်းဓါတ်ငွေ့တအားများရင် အဲဒီနားက သစ်တောနဲ့ သစ်ရွက်ခြောက်တွေရှိတော့ လောင်ရမှာ။အဝနားမှာ မီးရှို့မှ လောင်တာ။ဘေးပတ်လည် တစ်ပေခွဲကျော်လောက်မှာ မလောင်ဘူး။အပေါက်ရှိတဲ့နေရာကို ဝါးလုံး ပေါက်ထိုးဆက်ပြီး ဝါးလုံးပေါက်မှာ မီးချစ်လိုက်မှ မီးလောင်တယ်။ ဝါးလုံးမခံဘဲ လေဟာနယ်မှာ မလောင်ဘူး ဆိုတော့ တအားမများနိုင်သလို ထွက်ပေါက်ကျယ်ရင် မီးမလောင်ဘုး”ဟု ဆက်လက်ပြောကြားသည်။
ထိုနေရာသို့ ယခုရက်ပိုင်းတွင် ကျောက်စိမ်းတုံးကို လေ့လာကြည့်ရှုသူများရှိပြီး ဓါတ်ငွေ့များမြေပေါ်တွင် ထွက် ရှိနေသည်ကို ရုပ်သံများဖြင့် တင်ပြထားသည်ကိုတွေ့ရပြီုး အချိုကလည်း ထိန်းသိမ်းဆောင်ရွက်သင့်သည်ဟု လူမှုကွန်ယက်တွင် ရေးသားဖေါ်ပြမှုများရှိကာ အကြံပြုသူများလည်းရှိကြောင်းနေသည်။
“မီးနဲ့ တို့လိုက်ရင် မီးလောင်တာကြောင့် ဆေးလိပ်မီး ပစ်ချင်ရာပစ်လို့မဖြစ်ဘူး။မီးခြစ်ခြစ်တာ သတိ ထားရ မယ်။ဓါတ်ငွေ့ထွက်တဲ့နေရာရဲ့ ဘယ်ဘက်ကနေ အောက်ဆင်းမှ ကျောက်စိမ်းတောင်လို့ ပြောတဲ့ ကျောက် မဏ္ဍပ်ကိုရောက်တယ်”ဟု ရောက်ရှိလေ့လာခဲ့သည့် ဖားကန့်မှ ကျောက်စိမ်းအရောင်း အဝယ်လုပ် သူ တစ်ဦးကပြောသည်။
ရတနာပုံတက္ကသိုလ်၊ဓါတုဗေဒဌာနမှ ဆရာမတစ်ဦးက ပြောရာတွင် “မီသိန်းဓါတ်ငွေ့က ဖိအားများရင် မီးလောင်နိုင် တယ်။တွင်းထဲကနေထွက်လာတဲ့အခါ ပြင်ပမှာ အောက်စီဂျင်နဲ့ ဓါတ်ပြုမှုဖြစ်ပြီး မီးလောင် တာမျိုးက သူ့အပေါ် ဖိအားလိုတယ်”ဟုဆိုသည်။
ဓါတ်ငွေ့များ ထွက်ရှိသည့် နေရာအနီးမှ ကျောက်တောင်ကို တန်ချိန် ၄ သိန်းခန့်ရှိ ကျောက်စိမ်းတောင် လူမှုကွန်ယက်တွင် ပြောဆိုနေသော်လည်း ကျောက်စိမ်းအရည်အသွေးနားလည်သူနှင့် ဒေသခံများက ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိနေသည့် ကျောက်တောင်တစ်ခုဖြစ်ပြီးနေရာအတော်များများတွင် ဓါတ်ငွေ့များထွက်ရှိနေသည်သိရသည်။















