သီးနှံများအပေါ် အော်ဂဲနစ်ထုတ်ကုန်ဖြစ်ကြောင်း ထောက်ခံချက် ပေးနိုင်တော့မည်

သီးနှံများအပေါ် အော်ဂဲနစ်ထုတ်ကုန်ဖြစ်ကြောင်း ထောက်ခံချက် ပေးနိုင်တော့မည်

လယ်ယာ ထွက်ကုန်သီးနှံများအပေါ် အော်ဂဲနစ် (ဓာတုဗေဒဆေးဝါး သုံးစွဲထားခြင်းမရှိကြောင်း) ထုတ် ကုန်ဖြစ်ကြောင်း အသိအမှတ်ပြုသည့် ထောက်ခံချက်လက်မှတ် ထုတ်ပေးနိုင်ရေး နောက်ဆုံးအဆင့်ထိ ဆွေးနွေးပြီးဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အော်ဂဲနစ်ထောက်ခံချက်လက်မှတ် ပေးအပ်ရေးစီမံချက်ကို အခြားသက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့် ဆွေးနွေးလျက်ရှိရာ မူကြမ်းနောက်ဆုံးအဆင့်အထိ ဆွေးနွေးနိုင်ခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောသည်။

"အော်ဂဲနစ်စနစ်နဲ့ စိုက်မယ့်သူတွေကို ထောက်ခံချက်ပေးဖို့ပေါ့။ မူကြမ်းဆွေးနွေးနေတာ ဖိုင်နယ်အဆင့်ထိပြီးပါပြီ"ဟု ၎င်းက မြန်မာတိုင်းမ်သို့ ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါမူကြမ်းကို ပညာရေးဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့် တီထွင်စမ်းသစ်မှုဌာ(DRI)သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မူကြမ်းတွင် ပါရှိသည့်အကြောင်းအရာများနှင့်ပတ်သက်၍လည်း "အော်ဂဲနစ်ရဲ့သဘာဝ၊ အော်ဂဲနစ်ကိုလုပ်မယ်ဆိုရင် လိုက်နာရမယ့်အချက်တွေ၊ စစ်ဆေးဆောင်ရွက်ရမယ့် လုပ်ငန်းတွေမှာ လုပ်ရမယ့်ဟာတွေ၊ နောက် monitoring body ပေါ့။ ဦးဆောင်လမ်းညွှန်ပေးမယ့် အဖွဲ့အစည်းတွေ ဖွဲ့စည်းတာပါမယ်"ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများသည် စားသုံးမှုဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးဖြစ်ရန်လည်း အရေးကြီးကြောင်း သိရသည်။ ထို့ကြောင့် လိုက်နာရမည့် စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို  လိုက်နာရန်အရေးကြီးသကဲ့သို့ တာဝန်ယူ တာဝန်ခံမှုလည်းရှိရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပုဂ္ဂလိကကုမ္ပဏီ သို့မဟုတ် တောင်သူများသည် အော်ဂဲနစ်ထောက်ခံချက်အတွက် မည်သည့်သီးနှံကိုမဆို စိုက်ပျိုးနိုင်မည်ဖြစ်သည်။ "ဘယ်သီးနှံပဲဖြစ်ဖြစ် စိုက်စနစ်ကိုပဲ လိုက်နာကျင့်သုံးဖို့လိုတာ"ဟု ပြောသည်။

သို့သော်လည်း ဓာတုဗေဒဆေးဝါးများ လုံးဝမသုံးစွဲဘဲစိုက်ပျိုးရမည့်စနစ်ဖြစ်သောကြောင့် သီးနှံအထွက်နှုန်းတွင် လျော့နည်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အော်ဂဲနစ်သီးနှံများအတွက် ဈေးကွက်တစ်ခုလည်း လိုမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ်မှ တောင်သူကိုမျိုးလင်းအောင်က ဆိုသည်။

"သူက ဓာတုဗေဒပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ၊ မြေသြဇာတွေသုံးတာလောက် မထွက်နိုင်ဘူးဆိုတာ သေချာပါတယ်။ အဲတော့ ဈေးကွက်မှာ သူလည်းတစ်ကျပ်၊ ကိုယ်လည်းတစ်ကျပ်ဆိုရင် အဆင်မပြေလောက်ဘူး"ဟု ၎င်းက ပြောသည်။

ဒေါက်တာရဲတင့်ထွန်းကမူ ထိုအတွက် စားသုံးသူများ နားလည်လာသည်အထိ အချိန်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။ "အချိန်တစ်ခုတော့ စောင့်ရမှာပေါ့။ အဲဒီဟာဝယ်မယ့် ဈေးကွက်ဖြစ်လာဖို့ အရေးကြီးတာကိုး။ ပလက်ဖောင်း တစ်ခုပြီးတစ်ခု ချပြီးမှ အဲဒီအပေါ်မူတည်ပြီး လုပ်သွားရမှာ"ဟု ပြောသွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် ယခင်က GAP လက်မှတ်(စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ခြင်း) ကိုသာ ထုတ်ပေးခဲ့သော်လည်း ဓာတုဗေဒဆေးဝါး လုံးဝသုံးစွဲခြင်းမရှိသည့် အော်ဂဲနစ်စနစ်အတွက် ထောက်ခံချက်ကိုမူ တရားဝင် ထုတ်ပေးခဲ့ခြင်းမရှိသေးကြောင်းလည်း သိရသည်။

အော်ဂဲနစ်ထောက်ခံချက် ထုတ်ပေးခြင်းသည် စားသုံးသူကို ယုံကြည်မှုရှိစေရန်ထုတ်ပေးခြင်းဖြစ်သဖြင့် သက်ဆိုင်သူအားလုံး ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်ကြရန် အရေးကြီးကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ပြောသွားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်