သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာ အုပ်စုရှိ မြေဧက ၁၀ တွင် “ရုပ်ရှင်ရွာ” မြေ၌ ကိုယ်ပိုင် အိမ်မရှိသည့် ရုပ်ရှင်လောသားများအတွက် အရစ်ကျပေး အိမ်ပိုင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်နေကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက မြန်မာတိုင်းမ်သို့ ပြောသည်။
“ရုပ်ရှင်လောကသားတွေအတွက် သန်လျင် ခရမ်းသွားတဲ့လမ်းနားမှာ မြေကတော့ ရသွားပါပြီ။ ဒီမြေပေါ်မှာ အစည်းအရုံးကလည်း ငွေကြေးအကုန် မထုတ်နိုင်တဲ့အတွက် ကန်ထရိုက်က အိုးအိမ်တွေနေဖို့ ဆောက်လုပ်ရမယ်။ စတူဒီယိုတွေ ဆောက်ရမယ်။ ချိတ်ဆက်နေတုန်းပါ။ လူတွေလည်း နေထိုင်နိုင်ဖို့ လုပ်နေပါတယ်။ ဥပမာ- အိမ်မရှိသူတွေ နေထိုင်ဖို့ တိုက်ခန်းတွေ ဆောက်ပေးမယ်။ ကျွန်တော်တို့ လောကသားတွေက တစ်ခါတည်း ပိုက်ဆံအကြေ မဆပ်နိုင်ဘူးလေ။ တစ်လဘယ်လောက် တစ်နှစ်ကို ဘယ်လောက် သတ်မှတ်ပြီးတော့ ငွေပေး သွင်းရမယ်။ ကိုယ်ပိုင်အိမ်မရှိသေးတဲ့ ရုပ်ရှင်လောသားတွေအတွက် အရစ်ကျပေး အိမ်ပိုင်ဆိုင် ဖို့အတွက် ရည်ရွယ် ချက်နဲ့ အကောင်အထည်ဖော်နေပါတယ်။ တစ်ချိန်ကျရင် အိမ်ပိုင်ရသွားမှာပါ။ ဒီမြေပေါ်မှာ အခန်းတွေ ဘယ်လောက်ရမယ် ဆိုတာ အတိအကျ မသိသေးဘူး အကြမ်းပဲလျာထားတာပါ”ဟု ၎င်းကပြော သည်။
ရတနာရှင်းသန့်ကုမ္ပဏီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းထားသော သန်လျင်မြို့နယ် စစ်ပင် ကွင်းကျေးရွာအုပ်စုရှိ မြေဧက ၁၀ တွင် “ရုပ်ရှင်ရွာ”တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှ တာဝန်ရှိသူများ Video Conferencing စနစ်ဖြင့် တင်ပြဆွေးနွေးလမ်းညွှန်မှုကို ဇန်နဝါရီ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရုပ်ရှင်လောက အစည်းအရုံး စာရင်းဝင် လူဦးရေ ၃၅၀၀ ကျော် ၄၀၀၀ နီးပါးရှိပြီး အကြမ်းဖျင်း မြေပုံ အနေဖြင့် မြေဧက ၁၀ တွင် အခန်း ၃၅၀ ခန့် ရရှိမည်ဟုလျာထားကြောင်း သိရသည်။ ၎င်းမြေနေရာ တွင် စတူဒီယို ၊ အိမ် ၊ ဆိုင်ခန်းများ စသည့်တို့ဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။
“နာမည်ကတော့ ရုပ်ရှင်ရွာလို့ ပထမ မှည့်ထားတယ်။ ခုခေတ်မှာ ကမ္ဘာကြီးက ရွာကြီးဖြစ်နေပါပြီဆိုတဲ့ စကားလည်းရှိနေတယ်။ဝန်ကြီးချုပ်ကတော့ ရာပြည့်နာမည်ပါအောင် စဉ်းစားပါဦး ပြောထားတော့ နာမည်ကို လောလောဆယ် စဉ်းစားမရသေးပါဘူး။ ဝန်ကြီးချုပ် အကြံပေးတာတော့ လက်ဖက်ရည်ဆိုင်လေးတွေ ရှိရင် ကောင်းမယ်။ အတွင်းမှာ ဇာတ်ကားရိုက်ရင် ဒါတွေကလိုအပ်တယ်လို့ ပြောတယ်။ နီးနီးနားနားမှာ စတူဒီယိုရော ရိုက်လို့ရမယ်ဆိုရင် ပိုလွယ်ကူတာပေါ့မြန်မြန် အကောင်အထည်ဖော်နိုင်အောင် ကြိုးစားနေတယ်။အိမ်မရှိ သူ တွေလျှောက်ခွင့်ရလို့ တစ်နည်းကောင်းသွားတာပေါ့။ လောလောဆယ် အကောင်အထည် မဖော်ရသေးဘူး”ဟု ဦးအေးကြူလေးက ဆက်လက်ပြောသည်။







