နှစ်ပွဲပယ် လွတ်လာပြီးနောက် စပိန်ကိုပါဒယ်ရေးပွဲတွင် ဘာစီလိုနာအတွက် မက်ဆီဂိုးသွင်းယူ

နှစ်ပွဲပယ် လွတ်လာပြီးနောက် စပိန်ကိုပါဒယ်ရေးပွဲတွင် ဘာစီလိုနာအတွက် မက်ဆီဂိုးသွင်းယူ

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် နှစ်ပွဲပယ်ပြစ်ဒဏ် လွတ်လာပြီးနောက် ဗယ်လီကာနိုအား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးသွင်းယူပေးခဲ့သည်။

မက်ဆီသည် ဇန်နဝါရီ ၁၇ ရက်က ဘီလ်ဘာအိုနှင့် စပိန်စူပါဖလားတွင် အနီကတ်ပြ ထုတ်ပယ်ခဲ့ရပြီး နှစ်ပွဲပယ် ခံခဲ့ရသည်။

ဘာစီလိုနာသည် ဗယ်လီကာနိုနှင့်ပွဲတွင် ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း မက်ဆီက ၆၉ မိနစ်တွင်ချေပကာ ဒီဂျောင်က အနိုင်ဂိုးသွင်းခဲ့၍ အနိုင်ရပြီး ကိုပါဒယ်ရေး ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

အသက်(၃၃)နှစ်အရွယ် မက်ဆီသည် ယခုအခါဘာစီလိုနာနှင့် နောက်ဆုံး (၁၅)ရာသီတွင် တစ်ရာသီအနိမ့်ဆုံး ၁၅ ဂိုးနှင့် ၁၅ ဂိုးအထက် သွင်းယူနိုင်ခဲ့သော မှတ်တမ်းကောင်းရရှိခဲ့သည်။

မက်ဆီသည် ယခုနှစ်ဘောလုံးရာသီတွင် လာလီဂါ၁၇ ပွဲ၌ ၁၁ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲစုံ ၂၃ ပွဲကစားထားရာ ၁၅ ဂိုးသွင်းယူထားကြောင်း သိရသည်။

ဗယ်လီကာနိုနှင့်ပွဲတွင် မိနစ် ၈၀ အရောက် အနိုင်ဂိုးသွင်းပေးခဲ့သော နယ်သာလန်ကွင်းလယ်လူဒီဂျောင်မှာ အေဂျက်၌ ကစားခဲ့စဉ်ကထက် ခြေစွမ်းပိုကောင်းသည့် ကစားသမားဖြစ်နေသည်ဟု ဘာစီလိုနာနည်းပြကိုးမန်းက ချီးကျုးခဲ့သည်။

ဘာစီလိုနာသည် ယခုနှစ်လာလီဂါဆု ဖလားအတွက် ရုန်းကန်ရမည်ဖြစ်ရာ နည်းပြကိုးမန်းက ယခုနှစ် စပိန်ကိုပါဒယ်ရေးဖလားကို အလိုရှိနေသည်။ ဘာစီလိုနာသည် ကိုပါဒယ်ရေးဖလားကို အကြိမ် ၃၀ ပိုင်ဆိုင်ကာ ၂၀၁၇-၁၈ ရာသီက နောက်ဆုံးဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

 

ပြည့်ဖြိုး ဘာသာပြန်သည်။