ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ယခုနှစ်စက်တင်ဘာလအတွင်းအပြီးသတ်တည်ဆောက်မည်

ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ယခုနှစ်စက်တင်ဘာလအတွင်းအပြီးသတ်တည်ဆောက်မည်

မြန်မာနိုင်ငံ၏ အိမ်ရာလိုအပ်ချက်ရှိသော မြို့ကြီးများတွင်အကောင်အထည်ဖော်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကိုယခုနှစ်စက်တင်ဘာလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ သိရသည်။

''လေးခန်းတွဲ ငါးထပ်တိုက်တစ်လုံးကို အခန်း ၁၆ ခန်းပါမယ်။ လက်ရှိနေရာမှာရရှိတဲ့ မြေအကျယ်အဝန်းအရ တိုက်အလုံးပေါင်း ၂၇၂ လုံးတည်ဆောက်မှာဖြစ်ပါတယ်။မြေညီထပ်မှာက အခန်းမပါဘူးအလွတ်ဖြစ်ပါမယ်''ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်ဦးမျိုးမြင့်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခန်းပေါင်း ၆၃ဝဝ တည်ဆောက်မည်ဖြစ်ရာတိုက်စုစုပေါင်း ၃၉၃ လုံးတည်ဆောက်ရမည်ဖြစ်သော်လည်း လက်ရှိရရှိသောမြေနေရာအကျယ်အဝန်းအရ ၂၇၂ လုံးကို ဦးစွာတည်ဆောက်နေကြောင်း ၎င်းကဆိုသည်။

အိမ်ရာတည်ဆောက်ပြီးစီးပါက အိမ်ပိုင်မရှိသူများနှင့် နေထိုင်ရေးအခက်အခဲရှိသူများကို အငှားချထားရေးအတွက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြင်ပပေါက်ဈေးများထက်သက်သာသော ဈေးနှုန်းများဖြင့်ငှားရမ်းပေးနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့်လုပ်ငန်းလက်ခံကုမ္ပဏီများအကြား လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ယခုလ ၉ ရက်က ချုပ်ဆိုခဲ့ပြီးဖောင်ဒေးရှင်းလုပ်ငန်းများ စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌဦးရှိန်ဝင်းကဆိုသည်။

နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် တည်ဆောက်လျက်ရှိသော ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံမြို့ပြနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။အိမ်ရာတည်ဆောက်ရေးအတွက်အစိုးရ၏ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေမှ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာနှစ် ပိုလျှံဘဏ္ဍာရန်ပုံငွေ ကျပ်ဘီလီယံ ၁၃ဝ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့်ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် ကိုဗစ်ကာလဖြစ်သော်လည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်ကဆိုထားသည်။

အဆိုပါစီမံကိန်းအရ ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်အိမ်ခန်းပေါင်း ၆ဝဝဝ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် အိမ်ခန်းပေါင်း ၃ဝဝဝ ကျော်နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် အိမ်ခန်းပေါင်း ၇ဝဝ ခန့်တည်ဆောက်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်