မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားကြီးမှတစ်ဆင့် နေရပ်သို့ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၄၄ ဦးအနက် အမျိုးသားတစ်ဦးသည် ရုတ်တရက်သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားကြီးမှတစ်ဆင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၁၄၅)ဦး၊ မ(၉၉)ဦး၊ စုစုပေါင်း(၂၄၄)ဦး ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၎င်းအလုပ်သမားများထဲမှ အမျိုးသားတစ်ဦးမှာ ရုတ်တရက်သေဆုံးသွားကြောင်း သိရသည်။ ထိုင်းမှပြန်လာကြသည့် မြန်မာအလုပ်သမားများအနက် ဦးဝင်းနိုင်အသက်(၃၅)နှစ်၊ ကော့ပတိုင်ကျေးရွာ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်နေသူသည် ထိုင်းနိုင်ငံမှ မြဝတီမြို့အမှတ်(၂)ချစ်ကြည်ရေးတံတား BCF ဇုန်သို့ဝင်ရောက်စဉ် ကျန်းမာရေးမကောင်းဘဲအသက်ရှူမဝသဖြင့် ချစ်ကြည်ရေးတံတားမှ တာဝန်ရှိကျန်းမာရေးဌာနမှဒေါက်တာမျိုးသန့်ဇင်နှင့်အဖွဲ့က COVID-19 ရောဂါပိုး ရှိမရှိ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခြင်းမရှိကြောင်း သိရသည်။
၎င်းအား မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါးကုသမှုခံယူရန်အတွက် မြဝတီခရိုင်ဆေးရုံကြီးမှ လူနာတင်ယာဉ်ပေါ်သို့တင်ဆောင်စဉ်ယာဉ်ပေါ်၌ သေဆုံးသွားခဲ့သည်။ အလောင်းအား မွန်းလွဲ ၃ နာရီခန့်တွင်မော်တော်ယာဉ်ဖြင့် ချစ်ကြည်ရေးတံတား BCF ဇုန်မှ မြဝတီခရိုင်ဆေးရုံကြီးသို့သယ်ဆောင်သွားခဲ့ကာ မည်သည့်ရောဂါဖြင့် သေဆုံးကြောင်းဆေးရုံကြီးမှစစ်ဆေးသွားမည်ဟု သိရသည်။







