မန္တလေးတွင် တပ်မတော်အစိုးရ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးထားသူ ၄ ဦးအား ချမ်းအေးသာစံ မြို့နယ်တရားရုံး၌ ဖေဖော်ဝါရီ ၅ ရက် ယနေ့နံနက်ပိုင်းတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး စွဲဆိုထားသည့် အဆိုပါအမှုတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ အတွက် စတင် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
“ ဒါကတော့ လွန်တယ်လိုပြောရမယ်။ အာဏာဖီဆန်နေတာလည်း မဟုတ်ဘူး။ လူ့အခွင့်အရေးဆိုတာရှိတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ငြိမ်းချမ်းစွာတောင်းတယ်။ စီတန်းလှည်လည်တာမဟုတ်ဘူး။ ဒါကိုဖမ်းတာ မတရားဘူးပေါ့ဗျ “ ဟု လာရောက်ဝန်းရံခဲ့သော အထက်ဗမာပြည် ကရင်အဖွဲ့မှ ဦးစောသန့်ဇော်ဦးက ပြောသည်။
ဆန္ဒထုတ်ဖော်ထုတ်ခဲ့သည့် ဆရာဝန်များ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းများအနက် ဖမ်းဆီးခံရသူ ၄ ဦးအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့ဖြင့်အမှုဖွင့်ထားခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၄ ရက်နေ့က ၇၃ လမ်းနှင့် ၇၄ လမ်းကြား လမ်း ၃၀ ပေါ်ရှိ ဆေးတက္ကသိုလ်ရှေ့တွင် လူအင်အား ၂၀ ကျော်က ၁၅ မိနစ်ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကာ ယင်းဆန္ဒထုတ်ဖော်ပွဲအား ရဲတပ်ဖွဲ့က အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများက အာဏာသိမ်း အစိုးရအလိုမရှိ၊ ဖမ်းဆီးခံခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဒီမိုကရေစီ ရရှိရေး အဓမ္မဝါဒ ဆန့်ကျင်ကြ၊ မတရားမှု မှန်သမျှ ဖီဆန်ကြ၊ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ စသည့်ဖြင့် ကြွေးကြော် ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများအာ ကိုဥက္ကာမင်း (နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မန္တလေး)၊ ကိုမင်းညီညီကွန်း(ရတနာပုံတက္က သိုလ်) ကိုရဲဝင်းထွန်းနှင့် ကိုပြည့်စုံအောင်တို့ ဖြစ်ကြောင်း သိရသည်။ ယင်းရုံးထုတ်ကို လာရောက် ဝန်းရံသူ ၁၀၀ နီးပါးခန့်ရှိခဲ့သည်။








