အာဏာသိမ်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် အာဏာသိမ်းအစိုးရအား နိုင်ငံတစ်ဝန်းဆန့်ကျင်ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့်ဖြစ်ပွားလာကာ မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို အရေးပေါ် ပြဋ္ဌာန်းရန်အတွက် ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းထွက်ရှိလာသည်။
ယင်းဥပဒေ၏ ရည်ရွယ်ချက်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်းအေးချမ်းမှုကို ထိခိုက်စေရန် အီလက်ထရောနစ် နည်းပညာများ အသုံးပြု၍ ထိပါးနှောက်ယှက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ဆိုက်ဘာ အလွဲအသုံးပြုခြင်းနှင့် ဆိုက်ဘာမတော်တဆမှုများဖြစ်ပွားခြင်းမှ ကာကွယ်စောင့်ရှောက်ရန်ဟု ဆိုထားသည်။
ဆိုက်ဘာအရင်းအမြစ်အရေးကြီးသည့် အခြေခံအဆောက်အဦများ၊အီလက်ထရောနစ်နည်းပညာဖြင့် သိမ်းဆည်းထားသော အချက်အလက်များအား လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန်၊ အများ ပြည်သူကိုယ်ရေးဆိုင်ရာ အချက်အလက်များ လုံခြုံစိတ်ချစွာအသုံးပြုရန်၊ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေရန် အီလက်ထရောနစ် နည်းပညာများ အသုံးပြု၍ ထိပါးနှောက်ယှက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ ကာကွယ်စောင့်ရှောက်ရန်အတွက်ဖြစ်သည်ဟု သိရသည်။ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်အထောက်အကူပြုစေရန်နှင့် ဆိုက်ဘာအရင်းအမြစ်အသုံးပြု၍ ပြည်တွင်း၊ပြည်ပ ဆက်သွယ်ဆောင်ရွက်သည့်ကိစ္စတို့တွင် ဥပဒေအရ ကာကွယ်ရန်အတွက်ဖြစ်သည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းတွင် ယင်းဥပဒေအရ ပြစ်မှုတစ်ရပ် ရပ်အား မည်သူမဆို ပြည်တွင်း၌ သို့မဟုတ် နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသော ရေ ယာဉ်နှင့် လေယာဉ်ပေါ်တွင်ကျူးလွန်သည့် ကိစ္စများ၊ ပြည်တွင်းပြည်ပ ဆက်သွယ်ဆောင်ရွက်ရန် စီစဉ်မှုများ၊ သဘော တူညီမှုများ၊ ပဋိညာဉ်ချုပ်ဆိုမှုများ သတင်းအချက်အလက် ဖလှယ်မှုများ သို့မဟုတ်ထိန်းသိမ်းမှုများ အပါအဝင် စီးပွားရေးနှင့် သက်ဆိုင်သော ကိစ္စများ၊ အီလက်ထရောနစ်အချက်အလက်အမျိုးအစားနှင့် စပ်လျဉ်းသည့်ကိစ္စ၊ အမျိုးသား ဆိုက်ဘာ နယ်ပယ်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်ဆောင်ရွက်သော ကိစ္စများကို အရေးယူနိုင်သည်ဟု ဆိုထားသည်။
ထို့ပြင် အွန်လိုင်း လုပ်သူများ၊ အွန်လိုင်းဝန်ဆောင်မှုပေးသူများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများ၊ ကွန်ပျူတာနှင့် ကွန်ပျူတာပရိုဂရမ်နှင့် ကွန်ပျူတာစနစ်များ၊အချက်အလက်နှင့် သတင်း အချက်အလက်များ၊ ဆက်သွယ်ရေးပစ္စည်းနှင့် ကွန်ရက်များ၊ဆိုက်ဘာ အရင်းအမြစ်များ၊အွန်လိုင်းဆက်သွယ် ရေးများ၊ ဆိုက်ဘာမှုခင်း၊ ဆိုက်ဘာအလွဲသုံးစားပြုခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ စသည်တို့ကိုလည်း ဆိုက်ဘာလုံးခြုံရေးဥပဒေအရ အရေးယူနိုင်သည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။
"ဒါကိုကြည့်ရင် ကာကွယ်ပေးတဲ့ဟန်နဲ့ ဖိနှိပ်မှုတိုးမဲ့သဘောရှိပါတယ်။ အခုလိုအာဏာသိမ်းထားတဲ့စစ်အုပ်စု လက်ထက်မှာ အွန်လိုင်းမှာ ပြောဆိုရေးသားတာတွေ၊ ဆိုရှယ်မီဒီယာတွေကို ပိတ်ထားလို့ ကျော်ခွဝင်ရတာတွေ ဒီလိုအရာအားလုံးကို တားဆီးဖို့ ရည်ရွယ်ထားတဲ့ ပုံစံပါ။ အန္တရာယ်ကြီးပါတယ်။ အခန်း(၆) ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ကာကွယ်ပေးခြင်းဆိုတဲ့အပိုင်းမှာ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို စီမံထိန်း သိမ်းရန် တာဝန်ရှိသူဟာ မိမိတာဝန်ခံဆောင်ရွက်ရတဲ့ ကိုယ်ရေးအချက်အလက်တွေကို ထိမ်းသိမ်းပေးရမယ်လို့ ပါပေမဲ့ တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်အရ ခွင့်ပြချက်အရဆိုရင် အချက်အလက်တွေကို စီစစ်ခွင့်ပေးရ မယ်လို့ဖော်ပြထားပါတယ်.. အခုလိုမျိုး ဥပဒေမဲ့ ဖမ်းဆီးပြီး တက်ကြွလှုပ်ရှားသူတွေကို ချေမှုန်းနေတဲ့ စစ်အုပ်စုအုပ်ချုပ်ရေးကာလမှာ ပြည်သူတွေရဲ့ကိုယ်ရေးအချက်အလက် လုံခြုံရေးက ဘယ်လို အာမခံချက်ရှိနိုင်တော့မလဲ။ကိုယ်တိုင်က ဥပဒေကိုမလေးစားသော စစ်အုပ်စုရဲ့ ဥပဒေကရော တရားမျှတမှုရှိနိုင်ပါ့မလား"ဟု Haman Right Education Institute of Burma(HREIB) က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ၎င်း၏ ဆိုရှယ်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ ဥပဒေကြမ်းတွင် အမုန်းတရားဖြစ်စေသော၊ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသော တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော စကား၊ စာသား၊ ရုပ်ပုံ၊ ဗီဒီယိုဖိုင်၊ အသံဖိုင်၊ သင်ကေတ သို့မဟုတ် တခြားနည်းတနည်းနည်းဖြင့်ဖော်ပြထားမှုကို တားဆီးခြင်း၊ ဖယ်ရှားခြင်း၊ ဖျက်သိမ်းခြင်းနှင့် ရပ်ဆိုင်းခြင်းကို လုပ်နိုင်ကြောင်း၊ ဆိုင်ဘာမှုခင်းများနှင့် ဆိုက်ဘာတိုက်ခိုက်မှုုများအား ကာကွယ်ခြင်းအရ ဆိုင်ဘာလုံခြုံရေးအဆင့်တိုးမြှင့် ကာကွယ်ရန် ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာစရန်ဖြင့် သိမ်းဆည်းထားသော လက်ခံရ ယူထားသော၊ ပို့လွှတ်လိုက်ခြင်း၊ ဖန်တီးထားခြင်း၊ သတင်းအချက်အလက်များကို ရယူခြင်း၊ သိမ်းဆည်းခြင်း၊ လွှဲပြောင်းခြင်း စောင့်ကြည့်ခြင်း၊ သတင်းအချက်အလက်များကို ကြားဖြတ်စောင့်ကြည့်ခြင်းများကို ခွင့်ပြုထားသည်။
"အများအကျိုးအတွက် ဆောင်ရွက်ရန် အခြေအနေပေါ်လာရင် နိုင်ငံတော်စီမံအုပ်ချုပ်မှု ကောင်စီရဲ့ သဘော တူညီချက်နဲ့ ပြည်တွင်းဝန်ဆောင်မှုကို ယာယီပိတ်နိုင်တယ်။ ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ စက်ပစ္စည်းကို ယာယီ ထိန်းချုပ်နိုင်တယ်။ လိုင်စင်ယာယီ ရပ်နိုင်တယ်။ လိုင်စင်ဖျက်နိုင်တယ်လို့ဆိုထားပါတယ်။ ထောင်ဒဏ်ငွေဒဏ်လည်း ချနိုင်ပါတယ်။ဒါပေမဲ့ အဲ့လိုအခြေအနေကို ဘယ်လိုသတ်မှတ်မလဲ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မပါတော့ မထင်ရင်မထင်သလို ပိတ်နိုင်တာဖြစ်စေနိုင်ပါတယ်။ အာဏာသိမ်းပြီးပြီးချင်း အင်တာနက်တွေ ပိတ်တာ ဖေ့စ်ဘွတ်တွေကို ပိတ်တာမျိုးကို ဒီဥပဒေအရ လိုသလို လုပ်ခွင့်ပေးထားပါတယ်။ လိုသလို အမိန့်ကို လိုသလို စိတ်ထင်တိုင်းမချနိုင်အောင် ထိမ်းကျောင်းခွင့်လုံးဝမပါပါဘူး။ဥပဒေဆိုတာ လူထုကို ကာကွယ်ပေးဖို့ပါ။ အုပ်ချုပ် သူတွေ ထင်သလို လုပ်ပိုင်ခွင့်ပေးဖို့ မဟုတ်ပါဘူး။ဥပဒေပြဋ္ဌာန်းခွင့်မရှိတဲ့ ဥပဒေမို့ လက်မခံပါဘူး။ နောက်ပြီး ဥပဒေပါအချက်တချို့က လူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့အတွက် ဆန့်ကျင်ပါတယ်"ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
လက်ရှိတွင် ဆိုရှယ်စာမျက်နှာ ဖေ့စ်ဘွတ်အသုံးပြုခွင့်ကို ပိတ်ပင်ထားဆဲဖြစ်နေစဉ်မှာပင် အဆိုပါဥပဒေကြမ်း ထွက်ရှိလာသည့်အပေါ် ထပ်မံမံတင်းကျပ်မှုများ၊ ဖိနှိပ်မှုများလုပ်ဆောင်လာမည်ကို ပြည်သူအများစုက စိုးရိမ်လျက်ရှိသည်။
အလားတူ အာဏာသိမ်းအုပ်စုက ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း) ထုတ်ပြန်မှုအပေါ် ဥပေဒေကြမ်း ရေးဆွဲသူများအနေဖြင့် ပြည်သူက ဥပဒေပြု အာဏာအပ်နှင်းထားသူများ မဟုတ်သဖြင့် အရပ်ဘက် အဖွဲ့ အစည်းများ က ဥပဒေကြမ်း တစ်ရပ်အဖြစ်ပင် လက်ခံနိုင်ခြင်း မရှိပဲ ကန့်ကွက်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၅၀ ကျော်က ထုတ်ပြန်ကြေညာသည်။
ဥပဒေကြမ်းပါတွင် ပါဝင်သည့်အချက်များသည် အများပြည်သူ၏ အွန်လိုင်းပေါ်လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်၊ အချက်အလက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံပိုင်ခွင့် အစရှိသည့် အခွင့်အရေးများအပြင် အခြားအခြေခံ အကျဆုံးသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ကိုလည်း ဆိုးရွားစွာ ချိုးဖောက်ကာ အာဏာသိမ်းအုပ်စုအနေဖြင့် ၎င်းတို့အား ပြည်သူလူထုက အွန်လိုင်းတွင် ဆန့်ကျင်ရေးသား၊ လှုပ်ရှားနေမှုများကို ကန့်သတ်ရန်ရည်ရွယ် လုပ်ဆောင် ထားသည်ကို တွေ့ရသောကြောင့် အာဏာရှင်၏ အမိန့်ညွှန်ကြားချက်ကို ပြင်းထန်စွာရှုတ်ချသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
အဆိုပါ ဥပဒေမူကြမ်းအမည် တပ်ထားသော ထုတ်ပြန်ချက်သည် အာဏာသိမ်းအုပ်စုက အုပ်ချုပ်မှုအာဏာ ကို မတရား သိမ်းယူရုံသာမက၊ ဥပဒေပြုရေးအာဏာကို တရားမဝင် ကျင့်သုံးပြီး လူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ရန် စတင်ကြိုးပမ်းမှုအဖြစ် မှတ်ယူသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။
မည်သို့ဆိုစေ ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းအပေါ် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာ များနှင့် ဆက်သွယ် ရေးဝန်ဆောင်မှု လိုင်စင်ရရှိသူများကို သဘောထား မှတ်ချက်တောင်းခံထားပြီး လာမည့် ဖေဖော်ဝါရီ ၁၅ ရက်တွင် နောက်ဆုံးထား၍ သဘောထားမှတ်ချက်ပေးရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။







