ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို အရပ်ဘက်အဖွဲ့အစည်း ၁၅ဝ ကျော် ကန့်ကွက်

ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို အရပ်ဘက်အဖွဲ့အစည်း ၁၅ဝ ကျော် ကန့်ကွက်

ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို အရပ်ဘက်အဖွဲ့အစည်း ၁၅၈ ဖွဲ့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး ဥပဒေကြမ်းတစ်ရပ်အဖြစ်ပင် လက်ခံနိုင်ခြင်းမရှိကြောင်း ဖေဖော်ဝါရီ ၁၁ ရက်၌ သဘောထားထုတ်ပြန်ထားသည်။

ကနဦးအနေဖြင့် အဆိုပါဥပဒေရေးဆွဲသူများကို အများပြည်သူက အပ်နှင်းသောအာဏာကိုရရှိထားသော အစိုးရကခန့်အပ်ခြင်းမဟုတ်သည့်အတွက် ထိုဥပဒေ(မူကြမ်း)ဆိုသည့်အရာမှာ တရားဝင်ခြင်းမရှိဘဲ စာရွက်တစ်ရွက်မျှသာလက်ခံကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဒုတိယအချက်အနေဖြင့် ပါဝင်သောအချက်များသည် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အချက်အလက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံပိုင်ခွင့် အစရှိသော အခွင့်အရေးများအပြင်အခြေခံအကျဆုံးသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုလည်း ဆိုးရွားစွာချိုးဖောက်ခံရမည့် ဥပဒေဖြစ်ကြောင်းထောက်ပြထားသည်။

ထို့ပြင် ပြည်သူလူထုက စစ်အာဏာရှင်စနစ်အား ကန့်ကွက်သည့်အနေဖြင့် အွန်လိုင်းတွင် ဆန့်ကျင်ရေးသားလှုပ်ရှားနေမှုများကိုကန့်သတ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၁ ရက်တွင်တပ်မတော်က အာဏာသိမ်းယူခဲ့ပြီးနောက် ကိုးရက်အကြာတွင် ပုဒ်မ ၇၆ ခုပါ ဆိုက်ဘာဥပဒေကြမ်းကို ရေးဆွဲခဲ့သည့်အပေါ် ဥပဒေပညာရှင်များက အံ့သြနေပြီး ကိုးရက်နှင့်ဥပဒေကြမ်းတစ်ရပ်ကို အပြီးသတ်ရေးဆွဲထားသော ဖော်ပြပါစာသားအများစုမှ ပြည်သူကိုကာကွယ်သည့်အချက်များမတွေ့ရကြောင်း ဥပဒေပညာရှင်တချို့က ထောက်ပြထားသည်။

ဥပဒေကြမ်းအပေါ် သဘောထားမှတ်ချက်ပေးရန်ရှိပါက ၁၅ ရက်နေ့နောက်ဆုံးထားပြီး ဖုန်းအော်ပရေတာများနှင့်လိုင်စင်ရဆက်သွယ်ရေးကုမ္ပဏီများထံ အကြောင်းကြားစာပေးပို့ထားသော်လည်းအရပ်ဘက်အဖွဲ့အစည်းနှင့် ပြည်သူတစ်ဦးချင်းစီကသဘောထားမှတ်ချက်ပေးနိုင်သည့် စာရင်းတွင်မပါဝင်ပေ။ တယ်လီဖုန်းအော်ပရေတာပြောရေးဆိုခွင့်ရှိသူများထံ ယင်းဥပဒေကြမ်းအပေါ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခွင့်မရှိဘဲ မေးမြန်းထားသည်များကို အထက်သို့တင်ပြပေးမည်ဟု ပြန်လည်ပြောဆိုခဲ့သည်။

ယင်းဥပဒေအတည်ပြုပြီးပါက ဥပဒေပါအချက်အလက်များနှင့်ငြိစွန်းပါက အမြင့်ဆုံးထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်ကျပ်သိန်း ၁ဝဝ မှ၊ အနည်းဆုံးထောင်တစ်နှစ်မှငွေဒဏ် ၂၅ သိန်းချမှတ်ခံရနိုင်သည်။ ထိုဥပဒေပြဌာန်းပြီးပါက Facebook ကဲ့သို့သော အခြားလူမှုကွန်ရက်များကို VPN ဆော့ဖ်ဝဲများဖြင့်ကျော်ပြီးသုံးစွဲပါက ဥပဒေကြောင်းအရ အရေးယူခံရမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်