လတ်တလော နိုင်ငံရေးအခြေအနေတွေနဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်တွေကြောင့် ဈေးတွေနဲ့ ဈေးဝယ်စင်တာတွေရဲ့ ဖွင့်ချိန်ပိတ်ချိန်တွေက အပြောင်းအလဲရှိလာပါတယ်။
ဖေဖော်ဝါရီလ ၆ ရက် ညပိုင်းက မြို့နယ်အချို့မှာ ညမထွက်ရအမိန့် ပယ်ဖျက်လိုက်ကြောင်း လိုက်လံကြေညာခဲ့ပေမယ့် ဖေဖော်ဝါရီလ ၈ ရက်မှာတော့ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို အုပ်ချုပ်ရေးမှူးတွေက ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒါကြောင့် ည ၈ နာရီ ဝန်းကျင်အထိ ဖွင့်တဲ့ ညနေပိုင်းဈေးတချို့မှာ ရောင်းချနေတဲ့ ဈေးရောင်းချတဲ့သူတွေကလည်းဆိုင်ကို စောစောပိတ်လာကြပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ညနေဈေးတစ်ခုမှာ ပန်းရောင်းတဲ့ ဒေါ်ပြုံးကတော့ အရင်က ည ၈ နာရီခွဲလောက်အထိ ဆိုင်ဖွင့်ပေမယ့် အခု ည ၇ နာရီဆို ဆိုင်သိမ်းတယ်လို့ ပြောပါတယ်။
''ညနေဈေးမှာပဲ နေစောင်းမှ အေးအေးဆေးဆေးသွားဝယ်နေကြပါ။ အရင်ကဆို ညနေ ၆ နာရီမှ ဈေးသွားတာ၊ အခုတော့ ညနေ ၄ နာရီခွဲလောက် ဈေးသွားဖြစ်တယ်။ နည်းနည်းနောက်ကျသွားရင် မလတ်တာတွေပဲ ကျန်ခဲ့မှာနဲ့ ဈေးရောင်းသူတွေ မရှိမှာစိုးလို့ပါ'' လို့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ မမို့မို့က ပြောပါတယ်။
ဈေးရောင်းချသူတွေအပြင် ဈေးဝယ်သူတွေကလည်း အရင်ကထက် ဝီရိယပိုထုတ်ပြီး ဈေးဝယ်တာတွေကို ပြုလုပ်လာကြပါတယ်။
City Mark Supermarket ကတော့ မြေနီကုန်းနဲ့ ဝေဇယန္တာဆိုင်ခွဲတွေကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြောင်းလဲဖွင့်လှစ်မှာဖြစ်ပြီး ကျန်တဲ့နေရာတွေက ဆိုင်ခွဲတွေကိုတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ လှည်းတန်းစင်တာမှာရှိတဲ့ ဆိုင်ခွဲကိုတော့ လက်ရှိမှာ ပိတ်ထားပါတယ်။
စိန်ဂေဟာ ဈေးဝယ်စင်တာကလည်း ပါရမီ၊ ပြည်လမ်း၊ ဗိုလ်အောင်ကျော်၊ လှည်းတန်း၊ ကန်သာယာမှာရှိတဲ့ ဆိုင်ခွဲတွေက မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်မှာဖြစ်ပြီး လှိုင်သာယာ၊ တိုင်းမ်စီးတီးက ဆိုင်ခွဲတွေကတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိဖွင့်လှစ်မယ်လို့ ကြေညာထားပါတယ်။
စိန်ဂေဟာ ၁၉ လမ်းက ဆိုင်ခွဲကတော့ မနက် ၈ နာရီခွဲကနေည ၇ နာရီအထိ၊ မြေနီကုန်း ဆိုင်ခွဲကတော့ မနက် ၈ နာရီ ခွဲကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဥခနညေ ကတော့ ရန်ကုန်ဆိုင်ခွဲအားလုံးကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်မှာဖြစ်ပါတယ်။
''အရင်ကဆို သွားရင်းလာရင်းလမ်းကြုံရင်၊ ပျင်းရင် ဈေးဝယ်စင်တာတွေမှာ မုန့်သွားစားတာ၊ လျှောက်ကြည့်တာ၊ ဝယ်တာတွေလုပ်ဖြစ်သေးတယ်။ အခုကတော့ စိတ်လည်းမပါပါဘူး။ ဟိုနေ့က အိမ်အတွက် မဖြစ်မနေလိုလို့ ပစ္စည်းတစ်ခုသွားဝယ်တာ ဝယ်သူက ကျွန်မနဲ့ ကျွန်မအမျိုးသားပဲရှိတယ်'' လို့ မအေးအေးက ဆိုပါတယ်။
လူစည်ကားတဲ့ ရပ်ကွက်အတွင်းလမ်းတွေနဲ့ နေရာတော်တော်များများမှာ တွေ့ရတဲ့ Grab and Go ဆိုင်တွေကတော့ မနက် ၇ နာရီကနေ ည ၇ နာရီအထိ ဖွင့်မှာဖြစ်ပြီး ဆိုင်တည်နေရာပေါ်မူတည်ပြီး ဆိုင်ဖွင့်ချိန်အပြောင်းအလဲကို ဆိုင်ရှေ့မှာ စာကပ်ထားတယ်လို့ ကြေညာထားပါတယ်။







