ဒီနေ့ဆန္ဒပြပွဲကတော့ ခါတိုင်းရက်တွေနဲ့ မတူဘဲ လက်ထဲမှာ ပဲပြုတ်နံပြားကိုယ်စီနဲ့ပါ။
ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး ရန်ကုန်မြို့မှာ လူတွေဆန္ဒပြခဲ့တုန်းက ပြည်သူအချင်းချင်း အပြန်အလှန်လှူဒါန်းတဲ့ အချိုရည်နဲ့ မုန့်တွေကို ဆန္ဒပြသူတွေရဲ့လက်တွေထဲမှာ လှိုင်လှိုင်ကြီးတွေ့ခဲ့ကြရပါတယ်။ ဗိုလ်ချုပ်ရဲ့ (၁ဝ၆) နှစ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ ပဲပြုတ်နံပြားကို ဆန္ဒပြသူတွေအတွက် အားဖြည့်အစားအစာအဖြစ် အလှူရှင်တွေက လှူဒါန်းခဲ့ကြပါတယ်။
ဒါကြောင့် မနက်လင်းအားကြီး အချိန်ကတည်းက သူတို့လက်ထဲမှာ ဆိုင်းဘုတ်၊ ဗီနိုင်းတွေနဲ့အတူ ပဲပြုတ်နံပြားတွေကို တွေ့ကြရတာဖြစ်ပါတယ်။
အများက မနှစ်သက်ကြတဲ့ စစ်အစိုးရစနစ်ကို ပယ်ဖျက်ပြီး အရပ်သားအုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေးအတွက် ဆန္ဒပြနေတဲ့သူတွေကို ပဲပြုတ်နဲ့ နံပြားတွေ ဝေပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့် ဗိုလ်ချုပ်အနေနဲ့ ကျေနပ်လိမ့်မယ်လို့လည်း အလှူရှင်အများစုက ယုံကြည်ကြပါတယ်။
စမ်းချောင်းမြို့နယ် ဘာဝနာလမ်းမှာနေတဲ့ ဦးမင်းစိုးကတော့ ဒီနှစ် ဗိုလ်ချုပ်မွေးနေ့အတွက် လှူမယ့်ပဲပြုတ်နဲ့ နံပြားတွေကို ခါတိုင်းနှစ်တွေထက် ပိုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ခေါင်းဆောင်တွေကို ဆန္ဒပြသူအရေအတွက်က နေ့စဉ်နဲ့အမျှ များပြားလာနေတာကြောင့် ပိုလုပ်ရတာဖြစ်ပြီး ပဲပြုတ်နံပြားဟာ တော်လှန်ရေးရဲ့ အားတွေဖြစ်စေရမယ်လို့ သူက ဆိုပါတယ်။
''ဗိုလ်ချုပ်ကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားက တော်လှန်ရေးအတွက် အားဖြစ်စေခဲ့ပြီ'' လို့ ဦးမင်းစိုးက ဆန္ဒပြသူတွေကိုဝေငှနေရင်း ဆိုပါတယ်။
ဆန္ဒပြသူတွေစုဝေးရာ နေရာတစ်နေရာဖြစ်တဲ့ မြေနီကုန်းတံတားအောက်ကနေရာတွေမှာလည်း ပဲပြုတ်နဲ့ နံပြားဝေငှတဲ့ မိသားစုလေးစုကနေ ရှစ်စုလောက်အထိရှိခဲ့ပြီးတော့ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ ပဲပြုတ်နဲ့ နံပြား အလျှံပယ်တဲ့နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။
ပဲပြုတ်နဲ့နံပြားတွေကို ဖော့ဘူးတွေထဲ သေသေချာချာထည့်ပြီး လိုက်ဝေပေးတဲ့ မသဉ္ဇာက ဗိုလ်ချုပ်ရဲ့ ရိုးရှင်းတဲ့ မနက်ခင်းစာအာသီသဟာ စစ်အစိုးရကိုတွန်းလှန်တဲ့ မနက်ခင်းစာ ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။
''နှစ်တိုင်းပဲပြုတ်နဲ့ နံပြားကျွေးနေကျပဲ။ ဒါပေမဲ့ ဆန္ဒပြနေတဲ့ သူတွေကိုကျွေးရမယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး။ ကိုယ့်တိုင်းပြည်ကဒီလိုအခြေအနေမျိုး ဘယ်တော့မှပြန်မရောက်တော့ဘူးလို့ တွေးထားတာကိုး'' လို့ သူက မြေနီကုန်းတံတားအောက်မှာ ပဲပြုတ်နဲ့ နံပြားဝေနေရင်း ဆိုပါတယ်။
ဗိုလ်ချုပ်ရဲ့ (၁ဝ၆) နှစ်မြောက်မွေးနေ့မှာတော့ မြန်မာတစ်နိုင်ငံလုံးဆန္ဒပြနေတဲ့ သက်တမ်းက တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဆန္ဒပြပွဲရှည်လာတာနဲ့အမျှ အများစုက ပင်ပန်းလာကြပါတယ်။ ဒါပေမဲ့လည်း ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ အချက်တွေတစ်ခုမှမရသေးတဲ့အတွက် ဆန္ဒပြပွဲတွေက အားကောင်းနေဆဲပါ။
ဗိုလ်ချုပ်မွေးနေ့မှာလည်း အစိုးရဝန်ထမ်းတွေဖြစ်တဲ့ မြို့ပြအင်ဂျင်နီယာဌာနက ဝန်ထမ်းများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က ဝန်ထမ်းများအပါအဝင် ပြည်သူအများအပြားက နိုင်ငံတစ်ဝန်း ဆန္ဒပြခဲ့ကြပါတယ်။









