မူဆယ်နယ်စပ် ကုန်သွယ်ရေး၌ Import လုပ်ငန်းများ ရပ်ထား၍ ကုန်တင်ယာဉ်များပိတ်နေ

မူဆယ်နယ်စပ် ကုန်သွယ်ရေး၌ Import လုပ်ငန်းများ ရပ်ထား၍ ကုန်တင်ယာဉ်များပိတ်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မြန်မာ-တရုတ် ၂ နိုင်ငံနယ်စပ်ကုန်သွယ်ရေး(မူဆယ်)၌ ကုန်သွယ်မှုဆိုင်ရာ လုပ်ကိုင်ပေးကြသော Import (သွင်းကုန်)ဘက်မှ Agent များက CDM လှုပ်ရှားမှုဖြင့် လုပ်ငန်းခွင် ရပ်ဆိုင်း နေသဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းရာက ကုန်သွယ်ရေးဇုန်၌ ကုန်တင်ယာဉ်များ ပိတ်မိ နေကြောင်းသိရသည်။

နယ်စပ်ကုန်သွယ်ရေး Export/Import လုပ်ငန်း၌ မြန်မာပို့ကုန်များဖြစ်သည့် သီးနှံများနှင့် ပုပ်သိုးကုန်များမှာ ပုံမှန်အတိုင်း ကုန်သွယ်မှုလုပ်ဆောင်နေသည်ဟု မူဆယ်(၁၀၅)မိုင်၊ကုန်စည်ဒိုင်မှတာဝန်ခံ ဒေါ်ရီရိခိုင်က ပြောသည်။

“မူဆယ်မှာ အားလုံးနီးပါး ဆန္ဒထုတ်ဖော်နေကြတယ်။ အဲဒီထဲမှာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှာ အဓိကကျတဲ့  Agent တွေလည်း ပါလို့ ကုန်သွယ်မှုတွေ ရပ်ဆိုင်းနေတယ်။ဒါပေမယ့် Import ဘက်က Agent တွေပဲ ဆန္ဒပြကြလို့ လုပ်ငန်း မလုပ်နိုင်ဘူး။ ကုန်သွယ်ရေးဇုန်ဝင်ဖို့ သွင်းကုန်ယာဉ် စီးရေ ၁၀၀ ကျော်လောက် ပိတ်နေတယ်။ Export (ထုတ်ကုန်)ဘက်က လူတချို့မပါလို့ သီးနှံတွေတော့ တရုတ်ဘက်သွားနေတယ်”ဟု ၎င်းက ပြောသည်။

မူဆယ်(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ အဓိက သွင်းကုန်/ထုတ်ကုန်အများစုဖြင့် ကုန် သွယ်မှုလုပ်ဆောင်နေပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ ဆန္ဒထုတ်ဖော်မှုများကြောင့် ကုန်သွယ်မှုလုပ်ငန်းများ ရပ်တန့်သလောက်ရှိနေသော်လည်း မြန်မာ့ပို့ကုန်များဖြစ်သည့် ဖရဲ၊ သခွား၊ သရက် နှင့် ငါး၊ ကဏန်း၊ ငါးရှဉ့် စသည့် ပုပ်ကုန်များမှာ Export လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဟုသိရသည်။

“ဖရဲသခွားတွေက ပုပ်ကုန်မို့လို့ Agent တွေနဲ့ ကုန်သွယ်ရေးလုပ်နေတယ်။ အရေးခင်းကာလဆိုတော့ သစ်သီး ကားတွေ အဝင်နည်းပြီး တစ်ဖက်ဝယ်လက်ကလည်း အဝယ်ရှိနေတော့ ဈေးကောင်းရတဲ့ အနေအထားပါ။ ဒါပေမယ့် ပုံမှန်မပြောနိုင်ဘူး။ အဝင်များရင် ဈေးက ထိုးကျသွားတာရှိတယ်။ ခုတော့ သစ်သီးကား ၁၀၀ လောက် အဝင်ရှိတယ်”ဟု မူဆယ်(၁၀၅မိုင်)ရှိ မိန်းမိန်းသစ်သီးပွဲရုံမှ ဦးထွန်းက ပြောသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်သို့ တရုတ်ကုန်ပစ္စည်းများဖြစ်သည့် သံထည်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အဝတ်အထည်နှင့် စားသောက်ကုန်များ တင်ပို့နေပြီး မြန်မာ ဘက်မှလည်း သစ်သီးဝလံများ၊သီးနံများနှင့် စားသောက်ကုန်များအပါအဝင် အမှာရှိသော အခြားပစ္စည်များကို တင်ပို့သည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ကြောင်းသိရသည်။

“Export လုပ်တဲ့ လက်ရှိ သစ်သီးဈေးကွက်မှာ တရုတ်နှစ်သစ်ကူးကြောင့် ဝယ်လက်အများကြီးမရှိသေးဘူး။ ဝယ်လက်တချို့ရှိပြီး ဝယ်လိုအားနဲ့ ရောင်းမယ့် ပစ္စည်းအဝင်က မျှနေတဲ့ အနေအထားဆိုတော့ ဈေးရတယ်လို့ပြောရမယ်။ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ Export အနည်းအကျဉ်းပဲ ရှိတယ်။ Import ကုန်တင်ယာဉ်တွေ Agent မရှိလို့ ပိတ်မိနေတယ်”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

မန္တလေး-မူဆယ်ပြည်ထောင်စု လမ်းပိုင်းတွင် ကုန်တင်ယာဉ်များသာမက ခရီးသည်ယာဉ်များလည်း သွားလာမှုနည်းပါးနေပြီး ကျန်းမာရေး စစ်ဆေးမှုများလည်း မရှိတော့ကြောင်းသိရပြီး နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ရပ်ဆိုင်းနေသည်ဆိုသော သတင်းများနှင့် ကုန်တင်ယာမောင်းများက CDMလှုပ်ရှားမှုတွင် ပါဝင်ကြသဖြင့် လမ်းပိုင်းတစ်လျှောက် အသွားအလာမရှိသလောက် နည်းပါးနေခြင်းဖြစ်သည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်