- အစိုးရဘဏ်နှင့် ပုဂ္ဂလိက ဘဏ်တချို့မှ လုံခြုံရေးအစောင့်အရှောက်များနှင့် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေသော်လည်း ဘဏ်များ အပြည့်အဝဖွင့်လှစ်နိုင်ခြင်း ရှိနိုင်၊ မရှိနိုင်ခြင်းသည် ဝန်ထမ်းများ အပေါ်သာမူတည်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
“အဓိက ကတော့ အမတို့ကတော့ ကိုယ့်ဝန်ထမ်းတွေနဲ့ အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေအပေါ်မှာပဲ မူတည်ပါတယ်။ အမတို့ဘဏ်တွေ ဝန်ဆောင်မှုပေးနေတာက ဝန်ထမ်းတွေနဲ့ပဲဖြစ်တယ်။ ဘဏ်ဖွင့်မယ့်အခြေအနေကလည်း မနက်ဖြန်မှပဲ စောင့်ကြည့်ရမှာဖြစ်တယ်။ ဘာမှတော့ အခုက ပြောလို့မရပါဘူး”ဟု ဘဏ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များဖွင့်လှစ်မည်ဆိုပါက လုံခြုံရေး အစောင့်အရှောက်နှင့် ဖွင့်လှစ်ရန် ဘဏ်တချို့က စီစဉ်နေပြီး လက်ရှိတွင် ဘဏ်များပြန်လည်ဖွင့်လှစ်မည် ဆိုပါကလည်း အရေအတွက် အနည်းငယ်နှင့်လုပ်ငန်းလည်ပတ်မှု အနည်းငယ်မျှသာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များဘက်က သိရသည်။
ယခု ဖေဖော်ဝါရီလ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဖွဲ့စည်းထားသော ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ နှင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ပိုင် ဘဏ်များမှ တာဝန်ရှိသူများ တွေ့ဆုံစဉ်က အစည်းဝေးဆုံးဖြတ်ချက်အရ ပြန်လည်ဖွင့်လှစ်မည့် ဘဏ်များတွင် လုံခြုံရေးအစောင့်အရှောက်ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
“အဓိကတော့ ဘဏ်ဆိုတာ ဘယ်အစိုးရပဲတက်တက် ဖွင့်ပေးရမှာပဲ ဖြစ်တယ်။ ဘဏ်ဆိုတာ အယုတ်အလတ်အမြတ်မရွေး အသုံးပြုတဲ့ လုပ်ငန်းဖြစ်တယ်။ ဒီလုပ်ငန်းပေါ်မှာမူတည်ပြီးတော့ နိုင်ငံရေးနဲ့မရောထွေးဖို့တော့ လိုတယ်။ အဓိကတော့ တစ်ကျပ်စုထားတဲ့သူကလည်းစိတ်ပူမှာပဲ။ နှစ်ကျပ်စုထားတဲ့သူကလည်း စိတ်ပူမှာပဲ ဒါမျိုးသူတွေ စိတ်မပူရအောင် ဘဏ်မှာ ဘဏ်ဝန်ထမ်းတွေက ပူးပေါင်း ဆောင်ရွက်ပေးရမယ်။ အားလုံးဖက် ဖက်က ဘဏ်တွေဖွင့်မှ စားသုံးသူတွေ အဆင်ပြေမယ် မဖွင့်ရင်လည်း အဆင်မပြေဘူး။ CDM လုပ်တာ လုပ်လို့ရပါတယ် ကိုယ့် ယုံကြည်ချက်နဲ့ကိုယ် အဓိကတော့ အားလုံးငွေသွင်း ငွေထုတ်လုပ်တဲ့အခါ အထိအခိုက်မခံတော့ နိုင်ငံရေးနဲ့ မဆက်စပ်စေချင်ဘူး”ဟု ဖေဖော်ဝါရီလ ၁၅ ရက်တွင် လုံခြုံရေးအစောင့်အရှောက်နှင့် ပြန်ဖွင့်မည့် ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရုံးဖွင့်ရက်များတွင် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ဘဏ်ဝန်ထမ်းများက ရုံးမလာပဲ Civil Disobedience Movement လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသောကြောင့် လုပ်ငန်းများရပ်ဆိုင်းကာ ပုဂ္ဂလိက ဘဏ်များ ပိတ်ထားခဲ့ရသည်။
ထိုသို့ ဘဏ်များပိတ်ထားရသဖြင့် အရောင်းအဝယ်ငွေပေးငွေယူလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိသည်ဟုလည်း စီးပွားရေးလုပ်ငန်းရှင်များထံက သိရသည်။
“ညီမတို့ရုံးချုပ်မှာဆိုရင် မလာတဲ့သူက များတယ်။ ညီမလေးတို့အဖွဲ့က ညီတယ် မသွားဘူး။ ပြီးခဲ့တဲ့တစ်ပတ်ထဲက CDM လုပ်နေတာ။ ဘဏ်ဘက်ကလည်း ဖိအားပေးတာမရှိပါဘူး။ မနက်ဖြန်လည်းမသွားဘူး”ဟု ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲပေါင်း ၁၇ ခု ဖွင့်လှစ်ထားကြောင်းသိရသည်။







