နိုင်ငံခြားအာမခံကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက် ရှိမည်ဟု ကြေညာ

နိုင်ငံခြားအာမခံကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဆက်လက် ရှိမည်ဟု ကြေညာ

နိုင်ငံခြားရာနူန်းပြည့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော အသက်အာမခံ ကုမ္ပကြီး ၅ ခုက မြန်မာနိုင်ငံသားများနှင့် အတူ ဆက်လက်ရှိနေပြီး အာမခံ ဝန်ဆောင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ နိုင်ငံခြားသား အသက်အာမခံကုမ္ပဏီများမှာ AIA Myanmar၊ Chubb Life Myanmar၊ Dai-ichi Life ကုမ္ပဏီ၊ Prudential Myanmar ကုမ္ပဏီနှင့် Manulife Myanmar ကုမ္ပဏီ အစရှိသည့် အာမခံကုမ္ပဏီကြီး ၅ ခု အပါဝင် ဖက်စပ်လုပ်ကိုင်နေသည့် Capital Taiyo Life Insurance ကုမ္ပဏီကလည်း လက်ရှိဖြစ်ပွားနေသော အခြေအနေ အရပ်ရပ်များ ကြားတွင်ဆက်လက်၍ မြန်မာနိုင်ငံ၌ အာမခံလုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု ယခုရက်ပိုင်းအတွင်းက ကုမ္ပဏီ အသီးသီးက ၎င်းတို့၏ လူမှုကွန်ယှက်စာမျက်နှာတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

AIA Myanmar အနေဖြင့် သာယာသော အချိန်သာမက မသေချာမရေရာသည့် အချိန်များ မှာပါ မြန်မာပြည်သူများအတွက် အေးအတူပူအမျှရှိနေမည် ဖြစ်ကြောင်း ပြောကြားထားပြီး မြန်မာနိုင်ငံတွင် AIA နှင့်အတူ လက်ရှိ ဖြစ်လာမည့် member များ၊ agent များ၊ မိတ်ဖက်များနှင့် ဝန်ထမ်းများကို အကာအကွယ်ပေးရန်နှင့် ပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းများ ယူဆောင်ပေးသွားရန် ကတိပြုကြောင်း ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံမှ အသက်အာမခံလုပ်ငန်းကြီး တစ်ခုဖြစ်သော Dai-ichi Life Group ၏ မြန်မာနိုင်ငံကုမ္ပဏီခွဲဖြစ်သော Dai-ichi Life Insurance Myanmar ကုမ္ပဏီကလည်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများတွင် ဝန်ထမ်းများ၊ အရောင်းကိုယ်စားလှယ်များ၊ စီးပွားဖက်များ၊ စားသုံးသူများနှင့် အတူ ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် People first ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ခက်ခဲနေသော ကာလတွင် Dai-ichi Life ၏ စားသုံးသူများ၊ မိသားစုဝင်များ နှင့် ဝန်ထမ်းများအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Prudential Myanmar အာမခံကုမ္ပဏီကလည်း “ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ငွေကြေးဆိုင်ရာအကာအကွယ်တွေနဲ့ အရည်အသွေးမြင့်ပြီးဈေးနူန်း သင့်တင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမီဖို့ ဆောင်ရွက်မှာဖြစ်သလို တချိန်ထဲမှာပဲ လူမှုရေးနဲ့ ငွေကြေးအတတ်ပညာပိုင်းဆိုင်ရာ တွေကို ဦးဆောင်ပြီး လိုအပ်တဲ့ပံ့ပိုးမှုတွေ ပြုလုပ်သွားမယ်”ဟု ကြေညာချက်ထုတ်ပြန်ထားပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့အာမခံလုပ်ငန်းမှ ဝင်ငွေ စုစုပေါင်း ကျပ် ၈၆ ဘီလီယံ ရရှိထားပြီး မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားပိုင် အာမခံလုပ်ငန်းနှင့် နိုင်ငံခြားသား အာမခံလုပ်ငန်း စုစုပေါင်း ကုမ္ပဏီ ၂၄ ခုက မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၁၅၂ ဒသမ ၁၁၇ မီလီယံနှင့် ကျပ် ၆၇ ဒသမ ၃၁၇ ဘီလီယံတို့ဖြင့် လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြသည်။

ယခု ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာပိတ်ဆို့အရေးယူ မှုများနှင့်အတူ နိုင်ငံခြားအာမခံကုမဏီများ ပြန်လည်ထွက်ခွာသွားမည်ကို စိုးရိမ်လျှက်ရှိနေကြခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်