သံသယစေတနာတွေ မဖြစ်ရအောင်

သံသယစေတနာတွေ မဖြစ်ရအောင်

လမ်းဘေးတွေမှာမည်သူမဆိုသောက်သုံးနိုင်အောင်ချထားပြီး လှူဒါန်းထားတဲ့ ရေသန့်ဘူးတွေကို သတိထားသောက်ကြဖို့ သတိပေးတဲ့စာတွေက ဒီဇင်ဘာလ ၁၃ ရက်ကစပြီး ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့နေပါတယ်။

သတိပေးတဲ့စာတွေထဲမှာတော့ ရေသန့်ဘူးတွေမှာ အပ်ပေါက်ရာတွေရှိမရှိ သတိထားကြည့်ကြဖို့နဲ့ သောက်ခါနီးမှာ ရေဘူးတွေကိုညှစ်ကြည့်ကြဖို့ တိုက်တွန်းထားကြတာပါ။ (ရေဘူးမှာ အပ်ပေါက်ရာရှိတယ်ဆိုရင် ရေဘူးကိုညှစ်ကြည့်ပါက ရေတွေ အပ်ပေါက်ရာက ပန်းထွက်လာနိုင်တာကြောင့် အဲဒီလိုတိုက်တွန်းထားကြတာပါ။)

ရန်ကုန်မြို့မှာလည်း ဆန္ဒပြသူတစ်ဦးက လမ်းဘေးမှာချထားပြီး လှူတဲ့ရေကို သောက်မိတာကြောင့် မြောက်ဥက္ကလာပမြို့နယ်က ရွှေလမင်းဆေးရုံကို ရောက်နေတဲ့အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတစ်ဆင့် လိုက်ဖ်လွှင့်ထားပါသေးတယ်။

ရွှေလမင်းဆေးရုံ တာဝန်ကျဆရာဝန်က နေ့လယ်ဘက်မှာအသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆေးရုံကို လာရောက် ပြီးကုသမှုခံယူခဲ့တဲ့ အဲဒီဖြစ်စဉ်က ဟုတ်မှန်ကြောင်းဆိုပါတယ်။

''လူနာတစ်ယောက် အပြင်မှာရေသောက်လာပြီးတော့ ရင်ပူတယ်။ နေလို့ထိုင်လို့ မရဘူး။ အဲဒီလိုပုံစံနဲ့လာတယ်။ အပြင်ဘက်ထွက်ကြည့်တော့ လူနာကရင်တွေအရမ်းပူတယ်။ လည်ပင်းနဲ့ ပါးစပ်ကပူပြီးလောင်သလိုမျိုး ခံစားရတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း စစဖြစ်တော့ ဘာဖြစ်တာလဲမဆုံးဖြတ်နိုင်သေးဘူး။ မေးကြည့်တော့ အခြားသူပေးထားတဲ့ ရေသန့်ဘူးကိုသောက်ပြီး ဖြစ်တယ်လို့ပြောတယ်။ လူနာကတော့ ဝင်လာကတည်းက ဆောက်တည်ရာမရ အရမ်းပူနေတယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်'' လို့ တာဝန်ကျဆရာဝန်က ပြောပါတယ်။

အစာအိမ်အတွင်းကအစာတွေကိုစုပ်ထုတ်ခဲ့ပြီး မြင်တွေ့ရတာကတော့ ပုံမှန်အရောင်ပဲဖြစ်ပြီး ဆေးထိုး၊ ဆေးပုလင်းချိတ်ပြီးနောက် လူနာက သက်သာသွားတယ်လို့လည်း ဆိုပါတယ်။

''လူနာမှာ အဆိပ်မိတဲ့လက္ခဏာတွေ မတွေ့ရပါဘူး။ ဆရာဝန်တွေအနေနဲ့ အဆိပ်မိကြောင်း အရင်ဆုံးသိရှိနိုင်တဲ့ လက္ခဏာတွေ သူ့မှာမရှိပါဘူး။ သူငယ်အိမ်ကျယ်တာ၊ သွားရေတွေကျနေတာနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စေတဲ့ အခြားလက္ခဏာတွေ မတွေ့ရဘူး။ လူနာက တစ်နာရီခွဲလောက်နေတော့ ပူတာတို့ နာတာတို့ သိပ်မပြောတော့ဘူး။ အဲဒါကြောင့် စိတ်ချရတဲ့ အနေအထားရှိတဲ့အတွက် အိမ်ပြန်လွှတ်လိုက်ပါတယ်။ ကျန်တာတွေတော့ ကျွန်တော်မပြောလိုပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ အများထင်သလိုမထင်ပါဘူး။ အခြားတစ်ခုခုကြောင့် ဖြစ်တာနေမှာပါ။ ထူးထူးခြားခြားပြောပြစရာလက္ခဏာ ရှိမနေဘူး'' လို့ တာဝန်ကျဆရာဝန်က ပြောပါတယ်။

ရွှေလမင်းဆေးရုံမှာ နှစ်နာရီခန့် ကုသမှုခံယူခဲ့ပြီး ယင်းကဲ့သို့ နှစ်နာရီကြာမြင့်ရသည်ကလည်း အသက်အန္တရယ်အတွက် စိုးရိမ်ရတာကြောင့် မဟုတ်ဘူးလို့ သူကပြောပါတယ်။ အခြားနယ်မြို့တွေမှာလည်း အပ်ပေါက်ရာပါဝင်တဲ့ ရေသန့်ဘူးတွေ တွေ့ရှိရကြောင်း ဖေ့ဘွတ်စ်လူမှုကွန်ရက်မှာ ပို့စ်တင်ထားကြတာတွေလည်း ရှိပါတယ်။

''အဲဒီအချိန်က လူနာတွေများပြီး အလုပ်ရှုပ်နေခဲ့တဲ့အတွက် ကျွန်တော့်ကိုတော့ သူသောက်လိုက်တဲ့ ရေသန့်ဘူးကို မပြပါဘူး။ ဆရာမ(သူနာပြု)ကိုတော့ သူပြတယ်ပြောတယ်။ ရေအရောင်ကတော့ ထူးထူးခြားခြား မရှိပါဘူး။ ပုံမှန်ရေလိုပါပဲ'' လို့ သူက ပြောပါတယ်။

မနက်ဖြန်မှာလမ်းမပေါ်ကသူတွေကို ရေသန့်ဘူးနဲ့ ထမင်းဘူးဝေဖို့ ပြင်ဆင်နေတဲ့ မဝေဝေကတော့ သူမရဲ့ အလှူအပေါ် စိုးရိမ်ပူပန်နေတယ်လို့ ပြောပါတယ်။

''ကျွန်မအဲဒီလိုပို့စ်တွေမြင်တော့ ဘာဆက်လုပ်ရမလဲ လှူဖို့စီစဉ်ထားတာ ဖျက်လိုက်ရမလား တွေးမိသေးတယ်။ ဒါပေမဲ့ လှူဖို့ပဲဆုံးဖြတ်လိုက်တယ်။ လှူတဲ့သူတွေနဲ့ လမ်းမပေါ်က ပြည်သူတွေကြား သို့လောသို့လောတွေ ဖြစ်အောင်လုပ်တာလည်းဖြစ်နိုင်တယ်။ အဲဒါကို ကျွန်မကကြောက်ပြီး လှူဖို့ လုပ်တာ ဖျက်လိုက်လို့မဖြစ်ဘူးလေ။ ကျွန်မဖုန်းနံပါတ်၊ မှတ်ပုံတင်ကို ကတ်မှာရေးပြီး လည်ပင်းမှာဆွဲထားမယ်။ မယုံတဲ့သူတွေရှေ့ ကျွန်မစားပြမယ်'' လို့ သူက ဆိုပါတယ်။

ရေသန့်ဘူးသေးတွေကိုတော့ မလှူတော့ဘဲ ရေသန့်ဘူးကြီးကိုပဲ ကားပေါ်တင်သွားပြီး ရေလိုအပ်သူတွေ ရေလာဖြည့်နိုင်အောင် စီစဉ်ထားတယ်လို့လည်း မဝေဝေက ပြောပါတယ်။ ဒါ့ပြင်သူမက သူမရဲ့ မိတ်ဆွေကိုဘယ်နေရာမှ ရှိနေမလဲဆိုတာ ဖုန်းဆက်မေးမြန်းထားပြီး သူ့မိတ်ဆွေနဲ့ အနီးတစ်ဝိုက်မှာပဲ လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့ လူထုဆန္ဒပြပွဲတွေနဲ့ ပြည့်နေတဲ့ ဆူးလေ၊ လှည်းတန်းနဲ့ သံရုံးတွေရှေ့အပြင် မြို့နယ်တွင်း လှည့်ပတ်ချီတက်ကြရာမှာလည်း လိမ္မော်သီး၊ ရေသန့်၊ အားဖြည့်အချိုရည်၊ ထမင်းဘူး၊ ကြက်ဆီထမင်း စတဲ့စားဖွယ်ရာတွေကို လှူဒါန်းသူ စေတနာရှင်တွေ အမြောက်အမြား ရှိနေပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်