ဆိပ်ကမ်းအသီးသီးသို့ ကုန်စည်တင် ကွန်တိန်နာတင် သင်္ဘောများ ဝင်ရောက်မှု ပုံမှန်အနေအထားရှိနေဟုဆို

ဆိပ်ကမ်းအသီးသီးသို့ ကုန်စည်တင် ကွန်တိန်နာတင် သင်္ဘောများ ဝင်ရောက်မှု ပုံမှန်အနေအထားရှိနေဟုဆို

လက်ရှိတွင် မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကုန်သွယ်မှုအတွက် လိုအပ်သော ယန္တရားများတုံ့ဆိုင်းမှု ဖြစ်ပေါ်နေသော်လည်း နိုင်ငံတကာမှ ရန်ကုန်ရှိ ဆိပ်ကမ်းအသီးသီးသို့ ဆိုက်ရောက်မည့် ကုန်ပစ္စည်း ကွန်တိန်နာတင် သင်္ဘောများ ဝင်ရောက်မှု ပုံမှန်အနေအထားရှိနေသေးကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဒုတိယအထွေထွေမန်နေဂျာ၊ ဦးအာကာက မြန်မာတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုပြုရာတွင် လက်ရှိအနေအထားရ လေကြောင်းလိုင်းများ ပိတ် ထားခြင်းကြောင့် ကုန်စည်အဝင်အထွက်သည် ရေကြောင်းတစ်ခုတည်းသာ ရှိရာ ကုန်စည် ကွန်တိန်နာတင် သင်္ဘောများ ပုံမှန်အဝင်အထွက်ရှိနေကြောင်း ၎င်းက ပြောသည်။

"လက်ရှိအချိန်အထိ ကွန်တိန်နာဆိုရင်လည်း schedule အလိုက် လာတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဘက်ကလည်း လာမယ့် သင်္ဘောတွေကို လက်ခံဖို့ ဖျက်မထားဘူး။ သူတို့ဘက်ကလည်း လာမယ့်ဟာကို မဖျက်ထားတဲ့အတွက်ကြောင့်  ပုံမှန်အတိုင်းပဲ ဝင်နေပါတယ်။ အရှိန်လျှော့ချသွားတာ။ အဝင်အထွက် လျော့ကျ သွားတာ မရှိပါဘူး။ ပုံမှန်အတိုင်း သွားနေပါတယ်"ဟု ဦးအာကာက ပြောသည်။

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းအသီးသီးတွင် ဆိပ်ကမ်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်မှုတွင် terminal operator များ၊ shipping လိုင်းများ၊ အေဂျင့်အားလုံး ဝင်လာမည့် သင်္ဘောများနေရာချထားပေးမှုကို နေ့စဉ်ဆောင်ရွက်နေသည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုအခြေအနေကြောင့် ကုန်သွယ်မှုအဓိက ပြုလုပ်နေသည့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများ၌ ကုန်သွယ်ရေးသင်္ဘောများ အဝင်အထွက်အခြေအနေသည် လက်ရှိအချိန်ထိ သိသာသောပြောင်းလဲ လျော့ကျမှု မတွေ့ရသေးကြောင်း သိရသည်။

"အဓိကကတော့ လုပ်ငန်းလည်ပတ်တဲ့အပိုင်းမှာ ကုန်သွယ်မှု မရပ်သွားဖို့ ဆိပ်ကမ်း လုပ်ငန်းမှာ ပါဝင်တဲ့တဲ့ player အားလုံး လုပ်မြဲအတိုင်း ဝန်ဆောင်မှုပေးနေပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်"ဟု ဦးအာကာက ပြောသည်။

ရေကြောင်း ကုန်သွယ်မှုအဓိက လမ်းကြောင်း ဆိပ်ကမ်းများဖြစ်သော ရန်ကုန်မြို့ ဆိပ်ကမ်းအသီးသီးရှိ ဆိပ်ခံတံတား ၇ ခုတွင် ကွန်တိန်နာတင်သင်္ဘာများ ဆိုက်ကပ်နေခြင်းဖြစ်သည်။၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်ရှိ ဆိပ်ကမ်းအားလုံးသို့ ကွန်တိန်နာအဝင်အထွက် ၈၁၇၅၁  လုံးရှိခဲ့ပြီး  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ကွန်တိန်နာ အလုံးရေ ၉၅၆၂၅ လုံး အဝင်အထွက်ရှိခဲ့သည်။

လက်ရှိ ဖေဖော်ဝါရီလတွင်လည်း ကွန်တိန်နာ ဝင်ရောက်မှု ပုံမှန်အတိုင်းရှိနေသည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်