နိုင်ငံရေး အခြေအနေများကြောင့် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ရာနှုန်းပြည့်နီးပါး ကျဆင်းသွားခဲ့သောမြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည်ဖေဖော်ဝါရီ ဒုတိယပတ်အကုန်တွင်ရောင်းဝယ်ငှား ဈေးကွက်တစ်ခုလုံးရာနှုန်းပြည့်ရပ်ဆိုင်းသွားခဲ့ပြီဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုကြသည်။
အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းအများစုမှာလည်း လက်ရှိအချိန်တွင်ရုံးခန်းများကိုပါ ပိတ်ထားကြရပြီးမည်သည့်အချိန်တွင် လုပ်ငန်းများပြန်လုပ်နိုင်မည်ကိုမပြောနိုင်သေးကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း၏အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်ကပြောသည်။
''ဒီချိန်မှာ အိမ်ခြံမြေကိုဘယ်သူမှစိတ်မဝင်စားကြတော့ဘူး။ နိုင်ငံရေးကခုချိန်မှာ အရေးကြီးဆုံးဖြစ်နေတယ်။ နိုင်ငံရေးတည်ငြိမ်မှကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေဆက်လုပ်လို့ရမှာ ဖြစ်ပါတယ်''ဟု ဒေါ်မို့မို့အောင်က ဆိုသည်။ထို့ပြင် အိမ်ခြံမြေဈေးကွက်အတွင်းအရောင်းအဝယ်သာမက ငှားရမ်းရန်စုံစမ်းမှုများလည်း လုံးဝမရှိတော့သည်ကိုတွေ့ရကြောင်း ဒေါ်မို့မို့အောင်က ပြောသည်။
နိုင်ငံရေး အခြေအနေများကြောင့်ရင်းနှီးမြှုပ်နှံသူများနှင့် ဈေးကစားလိုသူများအဝယ်ရပ်တန့်နေပြီး အိမ်လိုအပ်ချက်ကြောင့် ဝယ်ယူလိုသူများမှာ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဆက်လက်စုံစမ်းမှုအနည်းငယ်ရှိနေခဲ့သော်လည်း လက်ရှိအချိန်တွင်လုံးဝရပ်ဆိုင်းသွားပြီဖြစ်ကြောင်းလည်း၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အိမ်ခြံမြေဈေးကွက်အတွင်း ဝယ်ယူသူအများစုမှာအမှန်တစ်ကယ်အိမ်ရာလိုအပ်ချက်ကြောင့်ဘဏ်ချေးငွေများဖြင့် ဝယ်ယူသူများဖြစ်ကြသည်။ သို့သော်လက်ရှိအချိန်တွင်ပုဂ္ဂလိက ဘဏ်များလုပ်ငန်းအပြည့်အဝမလည်ပတ်နိုင်ခြင်းကြောင့် အိမ်ရာချေးငွေလျှောက်ထားသူများမှာ ချေးငွေရရှိရန်အချိန်ကြန့်ကြာနိုင်ကြောင်း iMyanmar House.com မှ အုပ်ချုပ်မှု ဒါရိုက်တာဦးနေမင်းသူက ပြောသည်။
''ဘဏ်ချေးငွေနဲ့ ဝယ်ဖို့ပြင်ဆင် နေကြတဲ့သူတွေက လည်းအခုရပ်ဆိုင်းသွားပြီ။လျှောက်လွှာ တင်ထားတဲ့သူတွေကတော့စောင့်ရမယ့်အနေအထားမှာ ရှိနေတယ်။အရင်ချေးငွေကျပြီးသား သူတွေကတော့ပုံမှန်အတိုင်းပဲ ဆက်သွားနေပါတယ်''ဟု ဦးနေမင်းသူက ဆိုသည်။
လူစုလူဝေးပြုလုပ်ရန် ခက်ခဲသည့်ကိုဗစ်ကာလအတွင်း အွန်လိုင်းကိုသာအားထားလုပ်ကိုင်နေရသော အွန်လိုင်းအိမ်ရာ အရောင်းပြပွဲများအတွက်အခက်အခဲများဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုကြသည်။ဖေဖော်ဝါရီလအတွင်း ပြုလုပ်ရန်လျာထားသည့် အွန်လိုင်းအိမ်ရာအရောင်းပြပွဲများမှာ တစ်ပတ်လျှင် အနည်းဆုံးနှစ်ပွဲခန့်ရှိနေပြီး အဆိုပါပြပွဲများကိုလည်းရက်အကန့်အသတ်မရှိ နောက်ဆုတ်ထားရကြောင်းလည်း ဦးနေမင်းသူက ပြောသည်။
ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းများလည်း ရပ်တန့်နေသည့်အတွက် ယခုနှစ်အတွင်းဈေးကွက်အတွင်း ရောက်ရှိလာမည့်အိမ်ရာစီမံကိန်းအသစ်များမှ အခန်းများမှာလည်း နောက်ကျနိုင်ခြေရှိကြောင်းShweProperty.com မှတည်ထောင်သူနှင့်ဒါရိုက်တာ ဦးကောင်းသူဝင်းကဆိုသည်။
''နိုင်ငံခြား ရင်းနှီးမြှုပ်နှံမယ့်သူတွေကအခုအကုန်လုံးခဏရပ်ထား လိုက်ကြတယ်။အိမ်ရာချေးငွေတွေနဲ့ ရောင်းချနိုင်ဖို့နိုင်ငံရေးရော၊ ငွေကြေးအခြေအနေပါတည်ငြိမ်နေဖို့လိုအပ်တယ်''ဟု ဦးကောင်းသူဝင်းကဆိုသည်။
ကိုဗစ်ကြောင့် အထိနာနေခဲ့သောမြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အခြေအနေမှာ ယခုထပ်မံ၍ နိုင်ငံရေးမတည်မငြိမ်မှုပြဿနာများကြောင့် ၂ဝ၂၁ ခုနှစ်တွင်ပြန်လည် ဦးမော့လာနိုင်ခြေမရှိတော့သည့်အပြင် အချိန်ယူရုန်းကန်ရဦးမည်ဖြစ်ကြောင်း ဦးကောင်းသူဝင်းကပြောသည်။







