မန်ယူသည် ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)အဖြစ် ဝက်စ်ဘရွန်းကွင်း၌ကစားခဲ့ရာ တစ်ဂိုးစီသရေသာကစားနိုင်ခဲ့၍ အမှတ်လျော့ခဲ့ပြီး ချန်ပီယံပြေးလမ်းတွင် အဟန့်အတားများရှိလာပြီဖြစ်သည်။
မန်ယူသည် ပွဲချိန်နှစ်မိနစ်၌ ဦးဆောင်ဂိုးပေးခဲ့ရပြီး ချေပဂိုးကိုကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က၄၄ မိနစ်တွင်လုခ်ရှော၏ဖန်တီးမှူမှတစ်ဆင့်သွင်းယူပေးခဲ့သည်။
မန်ယူသည် ဒုတိယပိုင်းတွင် ပင်နယ်တီရခဲ့သော်လည်း နောက်ခံလူမတ် ဂွိုင်းယားမှာအလွယ်တကူလဲကျခဲ့သည်ဟုယုံကြည်ရ၍ VAR စနစ်အရပယ်ဖျက်ခြင်းခံခဲ့ရသည်။
ဝက်စ်ဘရွန်းခံစစ်မာကျော၍ မန်ယူမှာအခက်တွေ့ခဲ့ရပြီး ဒုတိယပိုင်းတွင်လည်း ရလဒ်မပြောင်းခဲ့ဘဲ တစ်ဂိုးစီသရေကျခဲ့သည်။
မန်ယူသည် ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)အပြီး ဦးဆောင်သူမန်စီးတီးနှင့်ခုနစ်မှတ်ကွာဟကာ ၄၆ မှတ်ဖြင့်လက်စတာနှင့်ရမှတ်တူနေသော်လည်း ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။
မန်ယူအသင်းခေါင်းဆောင်မတ်ဂွိုင်းယားက" ကျွန်တော်တို့ အသင်းဟာပရီးမီးယားလိဂ်ချန်င်္ပယံပြေးလမ်းမှာ ရှိနေတုန်းပါပဲ။ ကျွန်တော်တို့လာမယ့်ပွဲမှာနိုင်အောင်ကြိုးစားရမှာဖြစ်ပြီးနောက်ထပ်ပွဲတွေမှာလည်းရလဒ်ကောင်းမှဖြစ်မယ်။ဂိုးစပေးလိုက်ရတာက ခက်ခဲသွားပါတယ်။ ဝက်စ်ဘရွန်းနဲ့ပွဲမှာအခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပြီး အနိုင်ရဖို့လုံလောက်မှုရှိခဲ့တယ်။ ကျွန်တော်တို့ဝက်စ်ဘရွန်းကိုဖိအားပေးကစားနိုင်ခဲ့တာပါ။ ခံစစ်ပိတ်ဆို့ကစားတဲ့အသင်းနဲ့တွေ့ရတာဖြစ်လို့ ကျွန်တော်တို့ခက်ခဲခဲ့ပါတယ်"ဟုပွဲအပြီး၌ပြောကြားခဲ့သည်။
မန်ယူနည်းပြဆိုးလ်ရှားက ၎င်းတို့အသင်းမှာ ယခုထက် ပိုကောင်းအောင်ကစားသင့်ကြောင်း၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်မန်စီးတီးကို လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်ခွင့်ပေးရန် လွတ်ပေးမည်မဟုတ်ဟုဆိုခဲ့သည်။
မန်ယူသည်လာမည့်ဖေဖော်ဝါရီ ၂၂ ရက်တွင်နယူးကာဆယ်အားလက်ခံ ကစားရမည်ဖြစ်ပြီး မတ် ၆ ရက်တွင် မန်စီးတီးကွင်းသို့သွားရောက်ကစားရမည်ဖြစ်သည်။ မန်ယူသည် ၂၀၁၂-၁၃နောက်ပိုင်းပရီးမီးယားလိဂ်ချန်ပီယံဆုနှင့်ဝေးကွာနေသည်။







