လူများပေမယ့် ပွဲမစည်တဲ့ အငှားယာဉ်မောင်းတွေရဲ့ဝင်ငွေ

လူများပေမယ့် ပွဲမစည်တဲ့ အငှားယာဉ်မောင်းတွေရဲ့ဝင်ငွေ

တောင်ဥက္ကလာမှာ ကားငှားသူ နည်းတာကြောင့်ရော ကိုယ်တိုင် မြို့ထဲက အခြေအနေတွေကို သိချင်တာကြောင့်ပါ ပုံမှန်အငှားကားဂိတ်မှာ ထိုင်နေကျဖြစ်တဲ့ ဦးလှဦးတစ်ယောက် လူထုဆန္ဒပြပွဲတွေနဲ့ ပြည့်နေတဲ့ ဆူးလေကို ညနေမစောင်းခင် မောင်းလာပါတယ်။

လူရချင်တဲ့စိတ်လည်းရှိပေမယ့် တကယ်တမ်း ဆူးလေကို သူမရောက်ခင် လမ်းတစ်ဝက်ကျော်လောက်မှာပဲ အသိ တက္ကစီမောင်းသူတွေရဲ့ သတင်းပေးချက်အရ မြေနီကုန်းနဲ့ လှည်းတန်းဘက်ကိုပဲ လမ်းကြောင်းပြောင်းပြီး မောင်းလိုက်ရပါတော့တယ်။

''ဒီရက်ထဲတော့ ဆူးလေက ဆန္ဒပြပွဲတွေနဲ့ လူတွေပြည့်ကျပ်နေပေမယ့် အများစုက လမ်းလျှောက်ကြတဲ့ အုပ်စုတွေ၊ ကိုယ်ပိုင်ကားနဲ့ လာကြသူတွေအပြင် ခုအခမဲ့ ကားမောင်းပို့ပေးတဲ့ လူတွေပါရှိနေတော့ ကားငှားသူရဖို့ မလွယ်ဘူး။ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ဒဂုံမြို့နယ်ထဲက သံရုံးတွေရှိတဲ့နေရာတွေမှာတော့ ကားပိုငှားရပါတယ်'' လို့ ဦးလှဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်ကစပြီး လမ်းမပေါ်ဆန္ဒပြသူတွေနဲ့ ပြည့်နေခဲ့ပေမယ့် တကယ်တမ်းတော့ မြင့်တက်လာတဲ့ ဆီဈေးနှုန်း၊ လမ်းလျှောက်ဆန္ဒပြသူတွေနဲ့ ကိုယ့်မြို့နယ်အလိုက်သာ လှည့်လည်စီတန်းလမ်းလျှောက်သူတွေများနေတာမို့ အငှားယာဉ်မောင်းသူတွေအနေနဲ့ သိပ်တော့တွက်ခြေမကိုက်လှပါဘူး။

''အရင်ရက်တွေက လမ်းပိတ်တော့ လမ်းမှာတင် ကားပေါ်လူမပါဘဲ အကြာကြီးအချိန်ကုန်တယ်။ နောက်ပိုင်းတော့ အထာနပ်သွားပြီ၊ ဆန္ဒပြတဲ့နေရာတွေများပေမယ့် ဘယ်နေရာက ကားငှားမလဲ၊ ဘယ်အချိန်ငှားမလဲဆိုတာပါ ထည့်တွက်ရပြီ။ စောနေရင် မပြန်ကြသလို ညနေ ၄ နာရီနောက်ပိုင်းဆိုလည်း လူက မရှိတော့ပြန်ဘူး'' လို့ ဦးလှဦးက ပြောပါတယ်။

ဆန္ဒပြပွဲတွေကြောင့် လမ်းပေါ်ထွက်လူဦးရေများလာသလို တစ်ဖက်ကလည်း သာမန်လူမဟုတ်ဘဲ အကြမ်းဖက်သူ၊ အနိုင်ကျင့်သူ၊ အချောင်သမားတွေပါ ပါလာတာမို့ ဒီရက်ထဲ သတိထားပြီး ကားမောင်းနေရတယ်လို့ ကြည့်မြင်တိုင်မြို့နယ်က ဦးဘစည်က ပြောပါတယ်။

''မနေ့ကတင် လှိုင်သာယာဘက်ကို ကားအငှားလိုက်သွားတဲ့ သူငယ်ချင်း ဓားထောက်လုခံလိုက်ရတယ်။ ပိုက်ဆံလည်းမရ၊ ရထားတဲ့ပိုက်ဆံပါ ပြန်ပေးလိုက်ရပြီး လူကို အန္တရာယ်မပြုတာဘဲ ကံကောင်းတယ်လို့ သူ့ကို ဝိုင်းနှစ်သိမ့်နေရတယ်။ ဒီနေ့သူကားတောင်မထွက်နိုင်ဘူး၊ စိတ်အရမ်းဖိစီးသွားလို့နေမှာ'' လို့ ဦးဘစည်က ပြောပါတယ်။

သူကိုယ်တိုင်ကတော့ ဒီရက်တွေထဲ ပုံမှန်နားနေတဲ့ ကြည့်မြင်တိုင် ညဈေးဝန်းကျင်မှာတောင် အပြင်လူမျက်နှာစိမ်းလာငှားရင် သိပ်မလိုက်တော့ဘူးလို့ ဆိုပါတယ်။

''ကျွန်တော်ကတော့ ပုံမှန်ဖောက်သည်တွေကိုပဲ လိုက်ပို့တော့တယ်၊ သိတဲ့အတိုင်းပဲ ဒီရက်ထဲ ထောင်ကလွတ်လာတဲ့ လူတွေကလည်းများလာတော့ ပြဿနာတစ်ခုခုတက်မယ်ဆို ကိုယ်ပဲခံရမှာ။ ပြီးတော့ အခြေအနေတွေရှုပ်ထွေးနေတာ တစ်ခုခုဆို ဘယ်ရဲစခန်းကို ပြေးတိုင်ရမလဲ၊ ပြီးတော့ တကယ်ရော အရေးယူမှာလားဆိုတာက ရှိသေးတယ်'' လို့ ဦးဘစည်က ပြောပါတယ်။

လမ်းပေါ်လူများပေမယ့် ကားအငှားကတော့ ပုံမှန်ပဲဖြစ်တဲ့အကြောင်းရင်းက လမ်းလျှောက် ဆန္ဒပြသူတွေများတာကြောင့်လို့ တက္ကစီသမားတွေ တညီတညွတ်တည်းဆိုကြပေမယ့် ဒီအခြေအနေကိုပဲ စိတ်မပျက်သူ ယာဉ်မောင်းတွေလည်းရှိပါသေးတယ်။

''ဆန္ဒပြသူတွေကို ကိုယ်ကတောင်တစ်ခါတလေ အလကားတင်ပေးသေးတယ်။ ပြီးတော့ ညမထွက်ရအမိန့်ထုတ်ထားတော့ ညဘက်စောစောသိမ်းရတယ်။ အဲဒီတော့ တက္ကစီဝင်ငွေက ပိုရလာတယ်ဆိုတဲ့ အခြေအနေမရောက်ပါဘူး။ ဒါကနိုင်ငံရဲ့အရေးကြီးတဲ့ အခြေအနေလေ။ ဝင်ငွေမကောင်းလည်း အားလုံးတောင့်ခံနိုင်ရမယ်'' လို့ တက္ကစီယာဉ်မောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ ကားဓာတ်ဆီဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာသလိုနဲ့ ဂက်စ်ဆိုင်တချို့ပိတ်လိုက်ကြရပြီး ဘတ်စ်ကားတွေကတော့ အတော်များများ မပြေးဆွဲကြတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

''ဓာတ်ဆီဆိုင်နဲ့ ဂက်စ်ဆိုင်တွေက ဖွင့်ထားသေးတော့ ကျွန်တော်တို့ကားတွေက ပြေးလို့ရသေးတယ်။ တချို့ဂတ်စ်ဆိုင်တွေက မဖွင့်တော့ဝိုင်ဘီအက်စ်တွေ ရပ်ကုန်တာ။ ကျွန်တော်တို့ကတော့ ဆီထည့်ဖို့ လွယ်တော့ အဆင်ပြေနေသေးတယ်။ ဒါပေမဲ့ တစ်သောင်းထက် ပိုထည့်လို့မရဘူး။ ဆီဆိုင်တွေရပ်ရင်တော့ ကားလည်း ရပ်ပြီပေါ့'' လို့ အငှားယာဉ်မောင်းက ဆိုပါတယ်။

သမိုင်း ကုလားကျောင်းမှတ်တိုင်ကနေ ဆူးလေ ရုပ်ရှင်ရုံတွေရှေ့နားကို ကားငှားခဲ့သူ မအေးသင်းကတော့ ဒီရက်ပိုင်းအတွင်း တက္ကစီကားခတွေ အဆမတန်တက်နေတယ်လို့ ညည်းညူလိုက်ပါတယ်။

''ကားတွေက တစ်စီးလုံး အလံတွေနဲ့အလှဆင်၊ ဆန္ဒပြသူတွေကို ထောက်ခံသလို စတစ်ကာတွေ အပြည့်ကပ်ထားပေမယ့် တော်တော်များများကတော့ ဈေးပိုတောင်းကြတယ်။ အခွင့်အရေးယူကြတာပေါ့။ ခုလည်း ကျွန်မ ကျပ် ၈ဝဝဝ နဲ့ ကားငှားလာရတာ၊ အပြန်တော့ အခမဲ့လိုက်ပို့တဲ့ ကားတွေပဲ စီးပြန်တော့မယ်'' ဟု ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ မအေးသင်းက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်