နွေစပါးစိုက်ပျိုးကာလတွင် လုပ်သားရှားပါးမှုဖြေရှင်းရေးအတွက် စပါးမျိုးစေ့ချ ကိရိယာများကူညီပေးမည်ဟုဆို

နွေစပါးစိုက်ပျိုးကာလတွင် လုပ်သားရှားပါးမှုဖြေရှင်းရေးအတွက် စပါးမျိုးစေ့ချ ကိရိယာများကူညီပေးမည်ဟုဆို

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်း လာမည့်နွေစပါးစိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု ပြဿနာဖြေရှင်းနိုင်ရေးအတွက် မျိုးစေ့ချကိရိယာများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံက သိရသည်။

''နွေစပါးစိုက်ပျိုးမယ့်တောင်သူတွေ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာသုံးချက် ရှိပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် စိုက်ပျိုးချိန်တွေနောက်ကျပြီးမှ စိုက်ပျိုးရတာတွေ၊ သီးနှံပြောင်းလဲပြီး စိုက်ပျိုးရတာတွေ ဖြစ်ပါတယ်။ လုပ်သားရှားမှုပြဿနာ၊ သီးနှံအရည်အသွေးကောင်းတွေရရှိဖို့နဲ့စျေးကွက်ကောင်းရရှိဖို့ လိုတယ်။ အဲဒီအချက်သုံးချက်ထဲက အလုပ်သမားရှားပါးမှုပြဿနာကို တစ်ဖက်ကနေဖြေရှင်းဖို့အတွက် စပါးစိုက်တဲ့နေရာမှာအသုံးပြုမယ့် စပါးမျိုးစေ့ တိုက်ရိုက်ချကိရိယာတွေကို စပါးစိုက်ပျိုးမယ့်ကျေးရွာအုပ်စုအလိုက် တောင်သူတွေကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်''ဟု ဦးစီးမှူးဦးသိန်းနိုင်ဝင်းက ပြောသည်။စပါးမျိုးစေ့တိုက်ရိုက်ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည် လုပ်သားရှားပါးမှုကိုဖြေရှင်းနိုင်သည့်အပြင် စပါးမျိုးစေ့များ အကုန်အကျသက်သာမည်ဖြစ်သည်။

''မြို့နယ်အတွင်း ဗီယက်နမ်နိုင်ငံထုတ် စပါးမျိုးစေ့ တိုက်ရိုက်ချကိရိယာ၂၂ လက် ရှိပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာ ၁၆ လက်နဲ့ဒေသကတောင်သူလေးဦးကိုလည်း မျိုးစေ့ချကိရိယာခြောက်လက် ဝယ်ပေးထားပါတယ်။ စပါးကို တိုက်ရိုက်စိုက်ပျိုးတဲ့နေရာမှာ နှစ်မျိုးရှိပြီး စပါးကိုကြဲပတ်စိုက်တာနဲ့ ကိရိယာနဲ့စိုက်ပျိုးခြင်းဆိုပြီး ရှိတယ်။ မျိုးစေ့ချကိရိယာကို ယောကျာ်းသားနှစ်ဦး တစ်ဖက်စီဆွဲပြီး မျိုးစေ့ချမယ်ဆို တစ်နေ့ကို လယ်သုံးဧကလောက်ကိုအသာလေးစိုက်နိုင်တယ်'' ဟု ၎င်းကပြောသည်။

စပါးမျိုးစေ့ တိုက်ရိုက်ချကိရိယာဖြင့် ၂ဝ၂ဝ ပြည့်နှစ် နွေစပါးစိုက်ပျိုးရာသီကစပါးစိုက်ဧက ၁၇၃၂ အား စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် နွေကာလတွင် နွေစပါးစိုက်ဧက ၁၆၈ ကို စိုက်ပျိုးမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်