ရန်ကုန်မြို့လယ်က စစ်မြေပြင်သုံးတင့်ကားများနှင့် Selfie Photo များ

ရန်ကုန်မြို့လယ်က စစ်မြေပြင်သုံးတင့်ကားများနှင့် Selfie Photo များ

'တင့်ကားဆိုတာ ရန်သူနဲ့ စစ်မြေပြင်မှာ တိုက်ခိုက်ဖို့အတွက် သုံးရမယ့်အရာလေ၊ မြို့လယ်ကောင် ပြည်သူလူထုကို ခြိမ်းခြောက်ဖို့အတွက်မှမဟုတ်တာ၊ ဒီတော့ ဆန္ဒပြတဲ့သူတွေက ငါတို့မကြောက်ဘူးကွာဆိုပြီး troll ကြတာကို သဘောကျတယ်'' ဟု ရန်ကုန်မြို့ဆန္ဒပြပွဲများတွင် သတင်းဓာတ်ပုံ လိုက်လံရိုက်ကူးနေသည့် ဓာတ်ပုံသမားတစ်ဦးက မှတ်ချက်ပြုသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကအာဏာလွှဲပြောင်း ရယူခဲ့သည်။ ထိုအခြေအနေကစပြီး ရက်အနည်းငယ်အကြာတွင် အာဏာလွှဲပြောင်းရယူခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတို့တွင် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက်ပြုလုပ်လာခဲ့ကြသည်။

ဆန့်ကျင်ဆန္ဒပြပွဲများကို Generation Z ဟုအမည်တွင်သည့် လူငယ်မျိုးဆက်သစ်များက ဦးဆောင်ပြီး မြန်မာနိုင်ငံတွင် မတွေ့ကြုံဘူးသေးသည့် စည်းကမ်းကျနသည်ကိုတွေ့မြင်လာရသည်။ သို့သော် ဆန္ဒပြပွဲများ ရက်ဆက်ဖြစ်လာသည်နှင့်အမျှ အချို့သောသူတို့သည် နိုင်ငံတော်ကိုအာဏာလွှဲပြောင်းရယူမှုအပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းထက် အပျော်သဘောဆန်လာသည်များလည်း ရှိလာခဲ့သည်။ ထို့ကြောင့် လူငယ်အချင်းချင်းကပင် ထိန်းကျောင်းတည့်မတ်ပြီး အပျော်သဘော ဆန္ဒပြခြင်းမဟုတ်ကြောင်း ဆန္ဒပြ ဆိုင်းဘုတ်များတွင်ရေးသားကာ ဆန္ဒပြရသည်အထိရှိလာခဲ့သည်။

Z Generation တို့၏ဆန္ဒပြရာတွင် အချင်းချင်းရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှု၊ စည်းကမ်းရှိမှု အတွေးအမြင်သစ်ကောင်းမှု စသည်တို့ဖြင့် Z မျိုးဆက်တို့၏ ဆန္ဒပြပွဲများကိုလူကြီးသူမများပင် ချီးကျူးရသည်အထိ ဖြစ်လာခဲ့သည်။ ဥပမာ- ဆန္ဒပြသူများကို မုန့်ပဲသရေစာ၊ သောက်ရေကစပြီး နှာခေါင်းစည်းနှင့် ထမင်းကစအချင်းချင်း ဝေငှကြရာ ထိုစားသောက်ဖွယ်ရာများကို စားသောက်ပြီးဆန္ဒပြပွဲလူစုခွဲလျှင် အမှိုက်များပါ တစ်ပါတည်းရှင်းသွားကြသည်။ အစားအသောက်ဝေမျှသူကဝေမျှသကဲ့သို့ အမှိုက်သိမ်းသူက အမှိုက်သိမ်းရသဖြင့် လေးစားအတုယူ ဖွယ်ကောင်းလှပေသည်။

တပ်မတော်က အာဏာလွှဲပြောင်းရယူပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာသည်အထိ ယဉ်ကျေးသည့်ဆန္ဒပြလူငယ်များနှင့် (ရန်ကုန်တွင်) ပွတ်တိုက်မှု ကြီးကြီးမားမားမရှိပေ။ Generation Z သည်ယဉ်ကျေးပြီး စိတ်ကူးစိတ်သန်းကောင်းရုံသာမက လူကြီးသူမတို့၏ ထိန်းကြောင်းဆိုဆုံးမမှုကိုလည်း နာခံလွယ်တတ်၏။ ဥပမာ- ဆန္ဒပြပွဲ ဦးဆုံးရက်များက အသံချဲ့စက်များကို အလွန်အကျွံအသုံးပြုခြင်း၊ သီချင်းသံများကို ကျယ်လောင်စွာဖွင့်ခြင်း၊ ဟွန်းအော်လံများဖြင့် ဆူညံသံပြုလုပ်ခြင်း၊ မသက်ဆိုင်သည့် ကြွေးကြော်သံများအော်ဟစ်ခြင်းစသည်တို့ ပြုလုပ်မှုများရှိလာခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကိုမင်းကိုနိုင်ကဲ့သို့သူများက မပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့ရာ ထိုမေတ္တာရပ်ခံပြီးနောက်ရက်မှစ၍ ထိုအပြုအမူမျိုးပြုလုပ်သူ လွန်စွာနည်းပါးသွားပြီး နာခံလွယ်သည့် ယဉ်ကျေးမှုကို မြင်တွေ့ခဲ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား နှစ်သောင်းသုံးထောင်ကျော်ကို လွတ်ငြိမ်းဖြင့် လွှတ်ပေးခဲ့ သည်။ ထိုဖြစ်စဉ်အပေါ် ဆန္ဒပြလှုပ်ရှားမှုများ အရှိန်မြင့်နေချိန် အကျဉ်းသားများလွှတ်ပေးခြင်းသည် ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့နိုင်ကြောင်း စွပ်စွဲပြောဆိုမှုများလည်းရှိလာခဲ့၏။ ထိုအခြေအနေကြောင့် လူကြီးသူမအချို့က ပြည်ထောင်စုနေ့နောက်ပိုင်းရက်များတွင် ဆန္ဒပြမှုအရှိန်ကိုလျှော့ချရန် အကြံပြုချက်အချို့ထွက်လာခဲ့ရာ ဖေဖော်ဝါရီ ၁၃ နှင့် ၁၄ ရက်များတွင် ဆန္ဒပြသည့်သူများ အံသြဖွယ်ကောင်းအောင် လျှော့ပါးခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

ဆန္ဒပြမှု အရှိန်များလျော့ပါးသွားခဲ့သည့် ဖော်ဝါရီ ၁၄ ရက် ညနေပိုင်းအချိန်တွင် ရန်ကုန်မြို့လယ်၏ လမ်းမများထက်တွင် စစ်မြေပြင်တွင်အသုံးပြုသည့် တင့်ကားများ နေရာအနှံ့တွင် မြင်တွေ့လာကြသည်။ ထိုတင့်ကားများသည်လမ်းမများထက် သွားလာရုံမျှတပါးမည်သည့်အရာမျှ မပြုလုပ်ကြဘဲရှိနေရာအချို့သော သူများက တင့်ကားများကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်ထက်တွင် တင်သူများလည်းအများအပြားရှိလာခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင်လည်း ရန်ကုန်မြို့၏ ဆန္ဒပြသူများယခင်နေ့ရက်များကဲ့သို့ များပြားမလာသော်လည်း ရန်ကုန်လမ်းမများပေါ်တွင်မူ တင့်ကားများက လွှမ်းမိုးနေရာယူထားဆဲဖြစ်သည်။ သို့သော်လည်း အခြေအနေတည်ငြိမ်အေးချမ်းမှုများရှိပြီး ဖေဖော်ဝါရီ ၁၅ ရက်၏နေ့ခင်းပိုင်းများတွင် တင့်ကားများနှင့် Selfie Photo များလူမှုကွန်ရက်တွင် များစွာပျံ့နှံ့လာခဲ့သည်။ ထို့ထက်ပို၍ပြောရလျှင် တင့်ကားကိုယ်ထည်တွင် ဆန္ဒပြေကြွေးကြာ်သည့် ပိုစတာများကပ်နှိပ်လာသည်အထိ ဖြစ်လာခဲ့သည်ကို တွေ့မြင်နေရသည်။

Generation Z တို့၏ရည်ရွယ်ချက်သည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းကို ဦးတည်ခြင်းဖြစ်ကြောင်း အကြိမ်ကြိမ်ကြွေးကြော်ခဲ့ကြသည်။ ထိုဦးတည်ချက်နှင့်အတူ လုပ်ရပ်များစွာဖြင့်လည်း သက်သေပြခဲ့သည် ဖြစ်သည်။ ထိုအခြေအနေတွင် စစ်မြေပြင်သုံး တင့်ကားပေါ်က တိုက်ခိုက်ရေးသမားများကို ထိပ်ပုပ်ခေါင်းပုပ်လုပ်သည့်လုပ်ရပ်ဖြစ်ကြောင်း အချင်းချင်းမှတ်ချက်ပြုသူများလည်း ရှိလာခဲ့သည်။

ထို့ထက် ပြည်တွင်းထုတ်သတင်းစာတစ်စောင်တွင် ရန်ကုန်မြို့လယ်က စစ်မြေပြင်သုံး တင့်ကားများနှင့်ပတ်သက်ပြီး ''မိဘပြည်သူများ စိတ်ချမ်းသာစွာ အိပ်စက်နိုင်ရေးအတွက် တပ်မတော်က လုံခြုံရေးဆောင်ရွက်နေ'' ဟု မှတ်ချက်ကို သက်သေပြရာရောက်သည်ဟု စောဒကတက်သူများလည်း ရှိလာခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အစည်ကားဆုံး စီးပွားရေးမြို့တော် ရန်ကုန်ကဲ့သို့ လမ်းမထက်တွင် စစ်မြေပြင်သုံး တင့်ကားကြီးနှင့် ပြုံးပျော်ရွှင်နေသည့်ဓာတ်ပုံက ဖြစ်သင့်၊ မဖြစ်သင့် မှတ်ချက်ပြုသူများလည်း ရှိလာခဲ့လေသည်။ လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းတွင် ပြည်သူတို့ရင်ဆိုင်နေရသူမှာ ဇာတ်ထဲက လူကြမ်းမင်းသားမဟုတ်ဆိုသည်ကို သတိချပ်သင့်သည်ဟုသာ ပြောလိုရင်းဖြစ်ပင်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်