ရန်ကုန်မြို့ နေရာအနှံ့အပြား၌ စက်ပျက်၍ ရပ်ထားသည့် ကားအစီး ရာနှင့်ချီရှိ၊ လမ်းပိတ်ဆို့မှုဖြစ်

ရန်ကုန်မြို့ နေရာအနှံ့အပြား၌ စက်ပျက်၍ ရပ်ထားသည့် ကားအစီး ရာနှင့်ချီရှိ၊ လမ်းပိတ်ဆို့မှုဖြစ်

ဖေဖော်ဝါရီ ၁၇ ရက် ယနေ့ နံနက် အစိုးရရုံး တက်ချိန် အစောပိုင်းမှ စ၍ ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် ကားများဘောနက် ဖုံးဖွင့်ပြီး စက်ပျက်၍ လမ်းဆုံ လမ်းခွများ၌ ကားရပ်ထားမှု ကား စီးရေ ရာနှင့်ချီကာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ လမ်းဆုံလမ်းခွ နေရာများဖြစ်သော လှည်းတန်း မီးပွိုင့်အနီး၊ မဟာဗန္ဓုလ ခုံးကျော်တံတား၊ သန်လျင် ခုံးကျော်တံတား၊ ဆူးလေ မီးပွိုင့်အနီး၊ မြောက်ဥက္ကလာမြို့နယ်၊ ဗဟိုဘဏ်နှင့်အနီးတစ်ဝိုက်ဖြစ်သည့် စက်မှု(၁)လမ်းမများပေါ်၌ ယာဉ်စီးရေ ရာနှင့်ချီ ကားပျက်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကလည်း ကားများအား စက်ပျက် မပျက် မေးမြန်းပြီး ကားများအား လမ်းပေါ်မှ တွန်း၍ ဖယ်ရှားခဲ့ကြောင်း သိရသည်။

" လမ်းမှာ ရပ်ပြီး ကားပျက်တယ်ဆိုတဲ့ ကမ်ပိန်းလုပ်နေတာ ထင်တယ်။ အဓိက အစိုးရရုံးတွေတက်တဲ့ မနက်မှာ ဗဟိုဘက်အနီးနေရာတွေ ကားအသွားအလာများတဲ့ နေရာတွေမှာ ကားတွေ စက်ဖုံးဖွင့်ပြီး လမ်းလယ်မှာ ရပ်ထားကြတာပါ။ နောက်ရက်တွေလည်း လမ်းပေါ် ကားရပ်ထားတဲ့ကားပျက်တဲ့ ဒီလို ကမ်ပိန်းတွေ လုပ်သွားမယ်လို့ သိရပါတယ်" ဟု ယနေ့မနက် ကားပျက်မှုတွင် ပါဝင်သူ ဦးသိန်းထွန်းအောင်က မြန်မာတိုင်းမ်သို့ ပြောကြားသည်။

လမ်းမများပေါ်၌ စက်ပျက်နေသည့် ကားများ ရဲတပ်ဖွဲ့ဝင်များက ကားနံပတ်များကို ဓာတ်ပုံ ရိုက် မှတ်တမ်းတင်မှုများ ပြလုပ်နေရာ မော်တော်ယာဉ်များ လမ်းဆုံလမ်းခွတွင် အများအပြားစက်ပျက်၍ ရပ်ထားမှုများကြောင့် အခြား မော်တော်ယာဉ်များနှင့် YBS ကားများလည်း ဆက်လက်မောင်းနှင်၍မရဘဲ ယာဉ်ကြာပိတ်ဆို့မှု ဖြစ်ပွားနေခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်