ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံ ၁၆၄ ၏ ပွင့်လင်းမြင်သာမှု အကောင်အထည်ဖော်ရေးသဘောတူညီချက်အရ မြန်မာက ဒုတိယအကြိမ်ကုန်သွယ်မှု မူဝါဒလေ့လာ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO )သို့ အပြီးသတ် အစီရင်ခံစာတင်သွင်းရန် လုပ်ဆောင်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊,အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက မြန်မာတိုင်းမ်ကို ပြောသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံ ၁၆၄ နိုင်ငံထဲတွင် မြန်မာနိုင်ငံသည်လည်း အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံများအကြား ပွင့်လင်းမြင်သာမှု ရှိရန်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအနက် ကုန်သွယ်မှုပမာဏ များသည့် နိုင်ငံများသည် တစ်နှစ်တစ်ကြိမ် လုပ်ဆောင်ခဲ့သည့် ကုန်သွယ်မှုများကို အဖွဲ့ဝင်နိုင်ငံများကို WTO တွင် စာအုပ်ဖြင့် ထုတ်ပြန်ရသည်။
ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် WTO အဖွဲ့ဝင်နိုင်ငံအားလုံးက နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်းများနှင့် ကတိကဝတ်များအား ထိန်းသိမ်းလိုက်နာစေရန်နှင့် ကုန်သွယ်မှုမူဝါဒများနှင့် အလေ့အထများကို ကောင်းမွန်စွာ နားလည်သဘောပေါက်ခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်နိုင်ပြီး ပိုမိုချောမွေ့သည့် ကုန်သွယ်မှုစနစ်အဖြစ် တိုးတက်ဆောင်ရွက်နိုင်ပြီး ပိုမိုချောမွေ့သည့် ကုန်သွယ်မှုစနစ်အဖြစ် တိုးတက်ဆောင်ရွက်နိုင်ရန် ဖြစ်သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများသည် WTO ၏ အခြေခံမူများ၊ စည်းမျဉ်းအခြေပြုကတိကဝတ်များကို လိုက်ပါဆောင်ရွက်ရန် တာဝန်ရှိသည်။ ပွင့်လင်းမြင်သာမှုရှိခြင်းမှ တစ်ဆင့် ကြိုတင်ခန့်မှန်းနိုင်သည့် နိုင်ငံစုံကုန်သွယ်မှုစနစ်ဖြစ်ပေါ်ရေးသည် WTO ၏ အခြေခံမူတစ်ရပ်ဖြစ်ပြီး ထိုအခြေခံမူနှင့် အညီ WTO Marrakesh Agreement(Annex3)ပါ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို အဖွဲ့ဝင်အားလုံးက မဖြစ်မနေ လိုက်ပါ ဆောင်ရွက်ရသည်။
ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို အဖွဲ့ဝင် ဖွံံဖြိုးပြီးနိုင်ငံများက ၃ နှစ်လျှင်တစ်ကြိမ်၊ဖွံ့ဖြိုးဆဲနိုင်ငံများက ၅ နှစ်လျှင် တစ်ကြိမ်ဆောင်ရွက်ရပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများက ၇ နှစ်လျှင် တစ်ကြိမ်ဆောင်ရွက်ရသည်။
"ပြီးခဲ့တဲ့ကာလ ၇ နှစ်အတွင်းမှာ ကျွန်တော်တို့ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ခဲ့လဲဆိုတာကို ကုန်သွယ်မှု မူဝါဒလေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာ တင်သွင်းဖို့ လက်ရှိမှာ နိုင်ငံတကာ မေးမြန်းတဲ့ မေးခွန်းပေါင်း ၃၀၀ ကျော်ကို ဖြေဆိုရမယ့် လုပ်ငန်းစဉ်ဆောင်ရွက်နေပါတယ်"ဟု ဦးမင်းမင်းက ဆိုသည်။
ထိုသို့ လိုက်နာရမည့် တာဝန်ဝတ္တရားများကို ပြည့်မီအာင် မြန်မာက လုပ်ဆောင်ရပြီး အဖွဲ့ဝင်နိုင်ငံများအကြား မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမူဝါဒသည် ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသမှုနှင့်အတူ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ကုန်သွယ်မှုမူဝါဒတွင် ဘဏ်ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အပါအဝင် မြန်မာတစ်နိုင်ငံလုံး၏ စီးပွားရေးနှင့် ပတ်သက်သော ကဏ္ဍအားလုံးပါဝင်သည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှု မူဝါဒလေ့လာ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ကိုဗစ်ကာလအတွင်း စိန်ခေါ် မှုများကြားကပင် မူလရည်မှန်းချက်အား အောင်မြင်စွာအကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။
WTO အတွင်းရေးမှူးရုံး၏ ကုန်သွယ်မှုဆိုင်ရာ မူဝါဒအစီရင်ခံစာအရ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် မေခရို စီးပွားရေးရာ မူဝါဒ ချမှတ်ထားသည့် အခြေအနေများ၊ ကုန်သွယ်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု မူဝါဒများနှင့် ကုန်သွယ်မှု၏ ရှေ့အလားအလာများအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်သည့် အခြေအနေအရပ်ရပ်ပါဝင်သည်။ငွေလဲလှယ်နှုန်း မူဝါဒ၊ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒများ အပါအဝင် နိုင်ငံ၏ အဓိကပို့ကုန် ဈေးကွက် နှစ်အလိုက် ပို့ကုန်၊ သွင်းကုန်အခြေအနေများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဝင် ရောက်လျက်ရှိသည့်အခြေအနေနှင့် လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေမူဘောင်များထည့်သွင်းဖော်ပြထားသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ကန့်သတ်တားမြစ်ချက်များအပြင် မြေယာအသုံးပြုမှုဆိုင်ရာ ပြည်တွင်းမူဝါဒ ချမှတ်ဆောင်ရွက်နေမှုများနှင့် စည်းကြပ်ခွန် အမျိုးအစားအလိုက် အခွန်ကောက်ခံဆောင်ရွက်နေမှုများနှင့် အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ များကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ကုန်သွယ်မှုအတွက် လက်ရှိဆောင်ရွက်နေသော အလေ့အထများဖြစ်သော သွင်းကုန်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိနိုင်သည့် အစီအမံများ၊ အကောက်ခွန် သတ်မှတ်စည်းကြပ်နေအခြေအနေများနှင့် သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အခွန်နှုန်းထား သတ်မှတ်ထုတ်ပြန် ထားရှိသည့် အခြေအနေများ၊အထူးအခွင့်အရေးပေးသည့် အခွန်နှုန်းထား ခံစားခွင့်ရှိသည့် အခြေအနေများနှင့် သွင်းကုန်လိုင်စင်နှင့် ပတ်သက်သော တားမြစ်ကန့်သတ်ချက်များ၊ ပင်ရင်းဒေသ စည်းမျဉ်းအပါအဝင် ဖြစ်ပေါ် လာနိုင်မည့် အရေးပေါ်ကိစ္စရပ်များအတွက် သတ်မှတ်အစီအမံများ၊ ပို့ကုန်များအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနိုင်မည့် အစီအမံများနှင့် ယှဉ်ပြိုင်မှုဥပဒေနှင့် ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အခွင့်အလမ်းများအတွက် ချမှတ်ထားသည့် မူဝါဒများကို အဖက်ဖက်က သုံးသပ်ထားသည်။
ကဏ္ဍအလိုက် ကုန်သွယ်မှု မူဝါဒရေးရာ ချမှတ်ဆောင်ရွက်နေမှုများအဖြစ် လယ်ယာကဏ္ဍ၊ စွမ်းအင်နှင့် သယံဇာတများ အသုံးချမှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍစသည် တို့ကို လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို အခြေခံထည့်သွင်းဖော်ပြခြင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေးအပေါ် ထိန်းကွပ် ဆောင်ရွက်နိုင်မည့် ခိုင်မာအားကောင်းသော ဥပဒေ၊ မူဝါဒများ ပေါ်ပေါက်လာနိုင်ရေးကို တွန်းအားဖြစ်စေနိုင်မည့် အခြေအနေအရပ်ရပ်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။







