အမှောင်ထုဟာ ကြီးစိုးလာတာနဲ့အမျှ အအေးဓာတ်ကလည်း ပိုကဲလို့လာပါတယ်။ မြောက်အရပ်က တိုက်ခိုက်လာတဲ့ အအေးဒဏ်ကို တောင်ပေါ်သား ရစ်ချက်လျန်ထွန်း တစ်ယောက် မမှုသော်လည်း သူ့ရင်ထဲမှာ တစ်လှည့်စီဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုနဲ့ ကြောက်ရွံ့မှုတွေကိုတော့ သင်းကွပ်ပစ်လိုက်ဖို့ ခက်ခဲနေပါတယ်။
လွန်ခဲ့တဲ့ငါးရက်ခန့်က ရပ်ကွက်ထဲကို သူစိမ်းတွေဝင်လာပြီး ပြည်သူတွေကို အသံပြုခြောက်လှန့်တာကြောင့် ရပ်ကွက်နေပြည်သူလူငယ်တွေ စုပေါင်းပြီးလမ်းတိုင်းလမ်းတိုင်းမှာ ကင်းစောင့်ကြဖို့ စတင်ခဲ့ကြပါတယ်။ တာမွေမြို့နယ်က သူနေထိုင်ရာလမ်းထဲက လူငယ်တွေ စုပေါင်းပြီး အဖွဲ့ခုနစ်ဖွဲ့ ဖွဲ့ထားကာ တစ်ဖွဲ့ကိုတစ်ရက်ကျ ညအချိန်တွေမှာ ကင်းစောင့်ကြရပါတယ်။
''ခံစားမှုတွေကတော့ အရမ်းများတယ်။ ပျော်လည်းပျော်တယ်။ ကြောက်လည်းကြောက်တယ်။ စိတ်လည်းပူတယ်။ ပြည်သူလူထုလုံခြုံရေးအတွက် တစ်နည်းတစ်ဖုံ လုပ်ပေးရတဲ့အတွက် ပျော်တယ်။ ကိုယ့်ဖက်ကအတက်နိုင်ဆုံး ပြည်သူလူထုကောင်းကောင်းမွန်မွန် အိပ်နိုင်အောင် လုံခြုံအောင် လုပ်ပေးရတာတစ်မျိုးတော့ ဂုဏ်ယူတယ်'' လို့ ရစ်ချက်လျန်ထွန်းက ဆိုပါတယ်။
အဖွဲ့တစ်ဖွဲ့မှာ လူငယ်ခြောက်ယောက် ပါဝင်ပြီး လမ်းရဲ့ထိပ်နှစ်ဖက်မှာ သုံးယောက်စီ မိုးချုပ်မှ မိုးလင်းသည်အထိ စောင့်ဆိုင်းကြပါတယ်။ လမ်းထဲထိုင်သူတွေကလည်း အစားအသောက်မျိုးစုံကို အလျံပယ် ချက်ပြုတ်ကျွေးကြပြီး ကြက်ဥပြုတ်၊ လက်ဖက်သုတ်၊ ရေနွေးကြမ်း၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ အသုပ်တွေဟာ စားမကုန်နိုင်အောင်ပဲ လို့သူကပြောပါတယ်။
ကင်းသမားလေးတွေဟာ မသကင်္စာရာ တစ်ခုခုမြင်တွေ့ရပြီဆို ထိပ်တိုက်ရင်ဆိုင် မတွေ့တော့ဘဲ ကိုယ့်အိမ်ထဲမှာ တိတ်တဆိတ်ဝင်ပုန်းပြီး သံပုံးတီးကာ ပတ်ဝန်းကျင်ကို အချက်ပေးရမှာ ဖြစ်ပါတယ်။ ရပ်ကွက်နေ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လူငယ်တွေက ရှေ့တန်းက တာဝန်ထမ်းဆောင်နေကြပေမယ့် နောက်ကွယ်က မိသားစုကတော့ ရင်တမမ ဖြစ်ကြရပါတယ်။
''ကျွန်တော်နဲ့အတူ ကင်းစောင့်ပေးတဲ့အဖော်ရဲ့ အမျိုးသမီးကတော့ သူ့အမျိုးသားကို စိတ်ပူပြီးအိပ်လို့မရဘူး။ သူလည်းလုံခြုံတယ်လို့ မခံစားရသေးဘူး။ ကျွန်တော့်အမေဆိုလည်း စိတ်ထဲကခံစားချက်ကို ထုတ်မပြောတက်ပေမယ့် သူ့စိတ်ထဲမှာ ပူတော့ပူမှာပဲ။ ကင်းစောင့်ရတာ အိပ်ရေးပျက်ပေမယ့် ပင်ပန်းတယ်လို့မထင်ပါဘူး'' လို့ ရစ်ချက်လျန်ထွန်းက ပြောပါတယ်။
လှိုင်မြို့နယ်မှာ နေထိုင်တဲ့ ကင်းသမား ကိုသန်းအောင်ချိုဟာ ကာတွန်းဆရာတစ်ဦးဖြစ်ပြီး အိမ်ထဲမှာပဲ ပုံဆွဲရင်း အချိန်ဖြုန်းလေ့ရှိတဲ့အတွက် သူနေထိုင်ရာတိုက်ပတ်ဝန်းကျင်က လူတွေကို မသိတာကြောင့် ညဘက်ကင်းစောင့်တဲ့အခါ အခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။
''တကယ်အရေးအကြောင်းဖြစ်လို့ သူစိမ်းတွေ့ရင် အဲဒီသူစိမ်းက ရပ်ကွက်နားက လူတွေလားမသိတော့ မှားယွင်းနိုင်တယ်'' လို့ သူကပြောပါတယ်။
ကင်းစောင့်ရင်းနဲ့ လမ်းလျောက်စကားပြောစက် ခလုတ်ကို မှားနိုပ်မိတာ ''ရထားရထား'' လို့ ပြောရမှာကို ပြောမထွက်တာ စတဲ့ အလွဲတွေလည်း ကြုံတွေ့ရတယ်လို့ သူက ဆိုပါတယ်။ ရပ်ကွက်လုံခြုံရေးအတွက် အင်တိုက်အားတိုက် သုံးလေးရက်ဆက်တိုက် ကင်းစောင့်ရတော့ အိပ်ရေးတွေပျက်ပြီး ပြိုင်းနေကြသူတွေရှိပြီး ကင်းစောင့်တဲ့အဖွဲ့ထဲကို လူငယ်အမျိုးသမီးတွေလည်း ပါဝင်လာကြပါတယ်။
''လူငယ်တွေအတွက် ကင်းစောင့်တာဟာ ပထမဆုံးအတွေ့အကြုံပဲ။ လူငယ်တွေ အကုန်လုံးက တက်ညီလက်ညီ ရှိကြပြီး ပြည်သူတွေကလည်း ကိုယ့်အားကိုယ်ကိုးတတ်လာတယ်'' လို့ ကိုသန်းအောင်ချိုက ဆိုပါတယ်။
ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်နေသူတွေထဲမှာ မဖြိုးဖြိုးဝေ တစ်ယောက်လည်း ပါဝင်ခဲ့ပြီး သူမကတော့ မနက်တစ်နာရီအထိမိတ်ဆွေတွေနဲ့ စကားစမြည်ပြောရင်း ကင်းစောင့်တာဝန်ကို တစ်နိုင်ထမ်းရွက်နေသူ ဖြစ်ပါတယ်။
''ဟိုတစ်ရက်က လမ်းထဲက အိမ်တစ်အိမ်ကနေ သံချောင်းတီးသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာလို့ ကျွန်မက ယောက်ျား၊ မိန်းမ ခွဲခြားမနေဘဲ တုတ်ဆွဲပြီး လိုက်မိတယ်။ နောက်တစ်နေ့မှာ ရပ်ကွက်ထဲမှာ ကင်းစောင့်ဖို့ အဆင်ပြေမယ့်သူတွေ လိုက်စုကြတော့ ကျွန်မလည်း နိုင်သလောက် ဝင်ကူခဲ့တယ်။ ကျွန်မက မိုးလင်းတဲ့ထိတော့ မစောင့်နိုင်ဘူးပေါ့။ လူအင်အားကများတော့ စကားလေးဘာလေးပြောလိုက်နဲ့ စောင့်လိုက်တာ'' လို့ မဖြိုးဖြိုးဝေက ပြောပါတယ်။
ကင်းမစောင့်တဲ့ ညတွေမှာတော့ သူမဟာ ကင်းစောင့်သူတွေအတွက် စားဖို့တစ်ခုခု ချက်ပြုတ်ပေးတဲ့ တာဝန်ကို ထမ်းရွက်ပေးပြန်ပါတယ်။
''ဘယ်သူကမှ တိုက်တွန်းလို့မဟုတ်ပါဘူး။ လမ်းလုံခြုံရေးအတွက် ကိုယ့်အသိစိတ်နဲ့ကိုယ် တစ်နိုင်ထမ်းရွက်ကြတာပါ'' လို့ မဖြိုးဖြိုးဝေက ဆိုပါတယ်။







