အွန်နရီကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် ချန်ပီယံရှစ်ကလပ် ဘုန်းမောက် ကြိုးစားနေ

အွန်နရီကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် ချန်ပီယံရှစ်ကလပ် ဘုန်းမောက် ကြိုးစားနေ

အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘုန်းမောက်သည် အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူးဟောင်းဖြစ်သော အွန်နရီကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် အလိုရှိနေပြီး ကြိုးစားနေဟု ဗြိတိန်သတင်းများက ဆိုသည်။

ဘုန်းမောက်သည် ချန်ပီယံရှစ်တွင် ရလဒ်ကောင်းရန် ရုန်းကန်ခဲ့ရပြီးနောက် နည်းပြတင်ဒယ်လ်ကို ရာထူးမှထုတ်ပယ်ကာ လက်ရှိ၌ ဂျိုနသန်ဝုဒ်ဂိတ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားသည်။ အသက်(၄၃)နှစ်အရွယ်အွန်နရီသည် အာဆင်နယ်လူငယ်အသင်းနှင့် နည်းပြဘဝကို စတင်ခဲ့သူဖြစ်ပြီး ဘယ်လ်ဂျီယံလက်ထောက် နည်းပြအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ အွန်နရီသည် ၂၀၁၈ ခုနှစ်က ၎င်း၏အသင်းဟောင်းမိုနာကိုသို့ နည်းပြချုပ်အဖြစ် ပြန်လည်ရောက်ရှိခဲ့သည်။

အွန်နရီသည် ၂၀၁၉ နိုဝင်ဘာကမူ မွန်ထရီရယ်အင်ပတ်အသင်းသို့ရောက်ရှိခဲ့ပြီး ယခုအချိန်ထိနည်းပြအဖြစ် တာဝန်ယူနေကြောင်း သိရသည်။

ဘုန်းမောက် နည်းပြသစ်ဖြစ်လာမည့်သူများ စာရင်းတွင် အွန်နရီက ထိပ်ဆုံးမှ ဦးဆောင်နေပြီး အာဆင်နယ်ကစားသမားဟောင်း ဗီအဲရာနှင့်ရှော်လ်ကေးနှင့် ဟတ်ဒါစ်ဖီးလ် နည်းပြဟောင်း ဒေးဗစ်ဝက်ဂ်နာတို့လည်း ပါဝင်နေသည်ဟု စကိုင်းစပို့တ်ကဖော်ပြခဲ့သည်။ ဘုန်းမောက်နည်းပြရာထူးမှာ အွန်နရီအတွက်သင့်တော်မည်ဖြစ်ကြောင်းလည်း အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ယုံကြည်နေသည်။

အွန်နရီသည် ကစားသမားဘဝက အောင်မြင်မှုများစွာ ရခဲ့သူဖြစ်ပြီး နည်းပြဘဝ မှတ်တမ်းအရ၄၉ ပွဲတွင် ၁၃ ပွဲနိုင်၊ ကိုးပွဲသရေ၊ ၁၇ ပွဲရှုံးနိမ့်ခဲ့သည်။ ဘုန်းမောက်သည် ချန်ပီယံရှစ်ပွဲ စဉ်(၃၀)အပြီး အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။