မြဝတီမြို့တွင် ဆန္ဒထုတ်ဖော်မည့် ပြည်သူများအား သက်ဆိုင်ရာက လာရောက်တားမြစ်

မြဝတီမြို့တွင် ဆန္ဒထုတ်ဖော်မည့် ပြည်သူများအား သက်ဆိုင်ရာက လာရောက်တားမြစ်

မြဝတီမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အထကခွဲ(၁) ရှေ့တွင်ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီမိနစ် ၂ဝ ခန့်က ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ကြရန်စုဝေးနေကြသည့် ပြည်သူများအား မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူးတို့က လာရောက်တားမြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါတာဝန်ရှိသူများက တားမြစ်ထားသောဥပဒေများအရ လူစုလူဝေး ပြုလုပ်ခြင်း၊ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခြင်းများ မပြုလုပ်ကြရန်နှင့်ပြုလုပ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ပြီး အရေးယူခံရပါက ပြစ်ဒဏ်များမည်သို့ကျခံရမည်ကို လာရောက်ရှင်းလင်းပြောကြားခဲ့သည်။

''ကျွန်တော်တို့ကတော့ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်လို့ ဘယ်လိုအမိန့်မျိုးပဲဖြစ်စေ၊ဘယ်လိုညွှန်ကြားချက်မျိုး ဖြစ်စေလိုက်နာမှာမဟုတ်ပါဘူး။ ဒါကြောင့်စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့အနေနဲ့ လုံးဝ အလိုမရှိသလို အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း တစ်နိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကိုကြည့်ရင် စစ်အာဏာရှင်စနစ်ကို ပြည်သူတွေ အလိုရှိသလား၊ မရှိဘူးလားဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး''ဟုဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောသည်။

မြဝတီမြို့တွင် ဆန္ဒထုတ်ဖော်နေသည်မှာ ယနေ့တွင် ၁၂ ရက်မြောက်ရှိခဲ့ပြီဖြစ်ပြီး ပြည်သူအင်အား ထောင်နှင့်ချီပါဝင်ခဲ့ကာ ယနေ့တွင် သက်ဆိုင်ရာမှလာရောက်တားမြစ်မှု ခံရခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်သည့် ပြည်သူများသည်(အထက)ခွဲကျောင်းရှေ့မှပိတောက်လမ်းအတိုင်း ကြွေးကြော်သံများဖြင့်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ချီတက်ခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်