ပြည်သူ့ဝန်ထမ်း ကူညီရေးကွန်ရက် စစ်ကိုင်း၌ ဖွဲ့စည်းကူညီနေ

ပြည်သူ့ဝန်ထမ်း ကူညီရေးကွန်ရက် စစ်ကိုင်း၌ ဖွဲ့စည်းကူညီနေ

ပြည်သူ့ ဝန်ထမ်းကူညီရေး ကွန်ရက် (Supporting Network for Civil Servants (SNCS) Sagaing Township) ကို စစ်ကိုင်းမြို့အတွင်းရှိ လူမှုရေးအသင်းများ၊ လူငယ်တက်ကြွလှုပ်ရှားသူများပေါင်းစည်းကာ ပြည်သူ့ဝန်ထမ်းများအား ထိရောက်စွာကူညီထောက်ပံ့မှုုပေးနိုင်ရန် ဖွဲ့စည်းလုပ်ဆောင်နေကြောင်း အဆိုပါအဖွဲ့ဝင် ဦးစိုးမင်းဦးက ပြောသည်။

အဖွဲ့အနေဖြင့် မိမိဆုံးဖြတ်ချက်ဖြင့် ယုံကြည်ရာကို လျှောက်လှမ်းလျှက်ရှိသော ပြည်သူ့ဝန်ထမ်းများကို ထောက်ပံ့ဂုဏ်ပြုသွားမည်ဖြစ်ကာ၊ အကူအညီတောင်းခံရန်သော်လည်းကောင်း တစ်တပ်တစ်အား ပါဝင် အားဖြည့်လိုလျှင်သော်လည်းကောင်း အသင်းအဖွဲ့နှင့် လူပုဂ္ဂိုလ်များလက်တွဲလုပ်ဆောင်နေသည့် ၀၉ -၇၇၉၉၀၀၁၀၀၊ ၀၉ -၉၅၄၂၅၁၆၃၃ တို့သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

"လက်ရှိ ကျွန်တော်တို့နိုင်နင်းတာတော့ စစ်ကိုင်းမြို့နယ်ဆိုတော့ စစ်ကိုင်းမြို့နဲ့ စစ်ကိုင်းမြို့နယ်အတွင်း လုပ်နေတာပါ။ အခု ကူညီပေးတာ အယောက် ၅၀၀ ကျော်ရှိသွားပါပြီ၊ ဌာနဆိုင်ရာတွေပေါ့။ အဖွဲ့မှာ လူပုဂ္ဂိုလ် တွေ၊ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပြီး အလှူငွေကောက်ခံပေးသူတွေတော့ အများကြီးပေါ့။ ကျွန်တော်တို့က စီမံပေးရတာပေါ့"ဟု ဦးစိုးမင်းဦးက ပြောသည်။

ယုံကြည်မှုဖြင့် ရွေးချယ်လျှောက်လှမ်းခဲ့သော ပြည်သူ့ဝန်ထမ်းများ ငွေကြေးအခက်အခဲ ချောင်ချိ စေရန် ပြည်သူ့ဂုဏ်ပြုငွေ ပေးအပ်မည့် ငွေကြေးအထောက်အပံ့၊ မိမိကိုယ်ပိုင် ရပ်တည်မှုကြောင့် နေထိုင်ရေးအခက်အခဲရှိပါက နေရာထိုင်ခင်း အကူအညီ၊ ကျန်းမာရေး၊ ပြည်သူလူထု၏ အားပေးဝန်းရံမှုကို ပြသသည့်အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းများ၏ အထူးခံစားခွင့်နှင့် အထောက်အပံ့များပေးရန် ပြည်သူ့ဝန်းရံမှု၊ ပြည်သူ့ဝန်ထမ်းများ၏ သားသမီးများ ပညာရေးနှောင့်နှေးထိခိုက်ခြင်းမရှိစေရန် ပညာရေးအရ ထောက်ပံ့ကူညီမှု၊ ဥပဒေရေးရာ အထောက်အပံ့များ စသည့်အခန်းကဏ္ဍများတွင် စစ်ကိုင်းမြို့အတွင်းရှိ အသင်းအဖွဲ့များနှင့် လက်တွဲကာ ဝန်းရံကူညီသွားမည်ဖြစ်သည်။

"တချို့ဝန်ထမ်းတွေက အိမ်နေပြီး CDM လုပ်တယ်ပေါ့။ ဥပမာ ဆေးရုံလိုမျိုးပေါ့။ အဲဒီတော့ သူတို့အနေနဲ့က လကုန်ရင် လခအခက်အခဲဖြစ်မယ်။ အဲဒီအတွက် တစ်ဖက်တစ်လမ်းက ပြေလည်စေဖို့အတွက် အလှူခံရတာတွေထဲက ပထမအကြိမ် ကျပ် ၂၀, ၀၀၀ ပေါ့၊ လောလောဆယ်တော့ အခြေခံဝန်ထမ်းတွေကို ဦးစားပေးပြီး အကုန်လုံးပေးနိုင်အောင် ကြိုးစားပါမယ်။ တကယ်လိုအပ်တဲ့ရုံးတွေကို ဦးစားပေးလုပ်နေပါတယ်။ မြို့ထဲမှာ အိမ်အလွတ်တွေ၊ ပိတ်ထားတဲ့အဆောင်တွေကို ချိတ်ဆက်ပြီး အကူအညီတောင်းပေါ့။ တကယ်လို့ မတော်တဆ တချို့ဝန်ထမ်းတွေ လိုင်းခန်းက နှင်ချတာရှိတယ်တို့ ဘာတို့ဆိုရင် ကျွန်တော်တို့က သူတို့ကို လောလောဆယ် အဲဒီနေရာတွေမှာ နေထိုင်လို့ရအောင် ကူညီရမှာပါ"ဟု ဦးစိုးမင်းဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်