ဂျကာတာ ဖေဖော်ဝါရီ ၁၉ - အင်ဒိုနီးရှားနိုင်ငံရှိ မဲရာပီမီးတောင်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ပေါက်ကွဲပြီး မီးတောက်နေသည့် ချော်ရည်များမှုတ်ထုတ်ခဲ့ကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။
ဂျာဗားကျွန်းရှိယဉ်ကျေးမှုမြို့တော် ယိုဂျကာတာအနီးရှိ မီးတောင်သည် လွန်ခဲ့သော နှစ်ရက်အတွင်း ချော်ရည်များကို ၂၄ ကြိမ်ခန့် မှုတ်ထုတ်ခဲ့ကာ ငလျင်ငယ်ရာပေါင်းများစွာလည်း လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း အင်ဒိုနီးရှား ဘူမိဗေဒဌာနက ထုတ်ပြန်ခဲ့သည်။
ယနေ့နံနက်တွင် ချော်ရည်များ ခုနစ်ကြိမ်ထက်မနည်း ကျဆင်းလာခဲ့ပြီးဖြစ်ကြောင်း ဌာနကပြောဆိုခဲ့သည်။ ယမန်နှစ်တွင် မီးတောင်အန္တရာယ် သတိပေးချက်ကို ဒုတိယအမြင့်ဆုံးအထိ ဆက်လက်သတ်မှတ်ထားကြောင်း အစိုးရက ပြောဆိုခဲ့သည်။
မီးတောင်မှ ချော်ရည်များသာမက လေနှင့်အတူပါလာသည့် မီးတောင်ဆိုင်ရာပစ္စည်းများ ရှိလာနိုင်သဖြင့် မီးတောင်အနီးတစ်ဝိုက်တွင် နေထိုင်သူများကို နေရပ်စွန့်ခွာရန် တိုက်တွန်းထားသည်။ ၂၀၁၀ ပြည့်နှစ်တွင် မဲရာပီမီးတောင်ပေါက်ကွဲမှုကြောင့် လူ ၃၀၀ ကျော်သေဆုံးပြီး မီးတောင်တစ်ဝိုက်၌ နေထိုင်သူ ၂၈၀၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်။
၁၉၃၀ ပြည့်နှစ်တွင် မဲရာပီမီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁၃၀၀ ခန့်သေဆုံးပြီး ၁၉၉၄ ခုနှစ်တွင် ပေါက်ကွဲမှုကြောင့် လူ ၆၀ ခန့်သေဆုံးခဲ့သည်။ အင်ဒိုနီးရှား၌ လှုပ်ရှားနေဆဲမီးတောင် ၁၃၀ ခန့်ရှိနေသည်။







