မန္တလေးမြို့၌ စက်ဘီးစီးအဖွဲ့ဝင် ၃၀၀ ကျော်က ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၁၀ နာရီဝန်းကျင်တွင် လှည့်လည် ဆန္ဒထုတ်ဖော်ကြစဉ် ပုသိမ်ကြီးကန်ပတ်လမ်းအရောက်၌ သတင်းထောက်ဟုဆိုကာ ၎င်းအဖွဲ့နှင့်အတူ လိုက်ပါ ဓါတ်ပုံရိုက်နေသူ တစ်ဦးကို မသင်္ကာ၍ စစ်ဆေးရာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သေနတ်နှင့် လေးခွတွေ့ရှိရကြောင်း သိရသည်။
“အဖွဲ့နောက်လိုက်နေတာ သတိထားမိလို့ ရပ်ပြီး သူ့ကိုစစ်တော့ သတင်းထောက်လို့ ပြောတယ်။ဘယ် မီဒီယာလဲ မေးတော့ မပြောနိုင်သလို ခုမှ စလုပ်တာပါလို့ဖြေတယ်။ သူ့ဆိုင်ကယ် Tools Box ဖွင့်လိုက်တော့ သေနတ်နဲ့ လေးခွတွေ့တယ်။ေ သနတ်အတုပါ လို့လည်း သူကပြောသေးတယ်”ဟု စက်ဘီးစီးအဖွဲ့မှ ကိုစိုင်းက ပြောသည်။
စက်ဘီးစီးအဖွဲ့များအနက်မှ ၁၀၀ခန့်သည် ပုသိမ်ကြီးမြို့နယ်ဘက်သို့ ခွဲထွက်သွားခဲ့ရာ ပုသိမ်ကြီး နာရီစင် အနီးမှ စ၍ ထိုရဲတပ်ဖွဲ့ဝင်က လိုက်ပါ၍ ဓါတ်ပုံရိုက်ယူကြောင်း၊ MIT သို့သွားရာ ချောင်းပတ်လမ်းတွင် ၎င်းအား ရပ်တန့်စစ် ဆေးရာ ရဲဦးထုပ်တစ်လုံး၊ အတုအစစ်မသိရသော သေနတ်တစ်လက်နှင့် လေးခွ တစ်ခုတွေ့ရှိ ရပြီး သတင်းထောက်မဟုတ်ဘဲ ပုသိမ်ကြီးရဲတပ်ဖွဲ့မှဖြစ်ကြောင်း သိရသည်ဟု ဆိုသည်။
“သူ့ဖုန်းကို စစ်တော့ ပုသိမ်ကြီးက ဆန္ဒပြနေတဲ့ ပုံတွေ၊ ကျွန်တော်တို့ စက်ဘီးအဖွဲ့ပုံတွေ တွေ့တယ်။ သေနတ်က အတုပါလို့ သူပြောတာပဲ။ သူ့ရဲ့ ဖုန်းထဲက ဆန္ဒထုတ်ဖော်တဲ့ ပုံတွေအကုန်ဖျက်လိုက်ပြီး ပြန်လွှတ်လိုက်တယ်”ဟု ဆက်လက်ပြောကြားသည်။
ဆန္ဒထုတ်ဖော်မှုများကို သတင်းမီဒီယာများက လိုက်ပါ သတင်းရယူလျက်ရှိရာ ယင်းကို အခွင့်ကောင်းယူ၍ မှတ်တမ်း ဓါတ်ပုံရိုက်သူများလည်း အခြားနေရာများတွင်ရှိနိုင်ကြောင်း၊ သတင်းမီဒီယာသမားများတွင် ၎င်းတို့ သတင်းတိုက်များမှ အထောက်အထားများ ထုတ်ပေးထားကြောင်း သိရသည်။







