တူရင်၌ ဆိုစီဒက်အား လေးဂိုး ဂိုးမရှိရလဒ်ဖြင့် မန်ယူအသင်း ဂိုးပြတ်နိုင်ပွဲ ရယူခဲ့၊  နှစ်ဂိုးသွင်းခဲ့သော ဘရူနိူဖာနန်ဒက်စ်အား နည်းပြဆိုးလ်ရှား မချီးကျုးဘဲမနေနိုင်

တူရင်၌ ဆိုစီဒက်အား လေးဂိုး ဂိုးမရှိရလဒ်ဖြင့် မန်ယူအသင်း ဂိုးပြတ်နိုင်ပွဲ ရယူခဲ့၊  နှစ်ဂိုးသွင်းခဲ့သော ဘရူနိူဖာနန်ဒက်စ်အား နည်းပြဆိုးလ်ရှား မချီးကျုးဘဲမနေနိုင်

မန်ယူသည် ဖေဖော်ဝါရီ ၁၈ ရက်က ယူရိုပါလိဂ်(၃၂) သင်းရံှုးထွက် ပထမအကျော့အဖြစ် တူရင်၌ ဆိုစီဒက်နှင့် ကစားခဲ့ရာ လေးဂိုး ဂိုးမရှိရလဒ်ဖြင့် ဂိုးပြတ်နိုင်ပွဲ ဖန်တီးနိုင်ခဲ့ပြီး နောက်တစ်ဆင့်သို့ တက်ရောက်ရန် အခြေအနေကောင်း ပိုင်ဆိုင်ထားကြောင်း သိရသည်။

ပထမအကျော့ပွဲစဉ်ကို ဆိုစီဒက်က အိမ်ရှင်အဖြစ် ကစားခဲ့ရခြင်းဖြစ်ပြီး ကိုဗစ်ကန့်သတ်ချက်များကြောင့် စပိန်သို့ ခရီးသွားလာရန် အဆင်မပြေ၍ ဂျုဗင်တပ်စ်အသင်း၏ ကွင်း၌ ကစားခဲ့ရသည်။ မန်ယူသည် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၏ ဂိုးဖြင့် ပထမပိုင်းအပြီး ဆိုစီဒက်အား တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။

မန်ယူသည် တစ်ပွဲလုံးတွင် ဂိုးပေါက်ကန်သွင်းမှု ၁၃ ကြိမ်ရခဲ့ရာ ၁၀ ကြိမ်ဂိုးပေါက်တည့်ခဲ့ပြီး ဆိုစီဒက်အသင်းထက် တိုက်စစ် ပိုကောင်းခဲ့သည်။ မန်ယူသည် ဒုတိယပိုင်းတွင် ဂိုးများထပ်မံရရှိခဲ့ရာ ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်နှင့် ဒန်နီရယ်ဂျိမ်းစ်တို့က သွင်းယူခဲ့ခြင်းဖြစ်သည်။

မှတ်တမ်းများအရ နယူးကာဆယ်သည် ၂၀၀၄ ခုနှစ် မတ်လက မာယော့ကာကွင်းတွင် သုံးဂိုးပြတ်အနိုင်ရခဲ့ဖူးရာ ယခုအခါ မန်ယူက ဥရောပဖလား/ယူရိုပါလိဂ်ပြိုင်ပွဲ၌ စပိန်ကလပ်အသင်းကို အဝေးကွင်း အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ကြောင်း သိရသည်။

ဆိုးလ်ရှားက"ဘရူနိုဟာ နေရာလွတ်ရှာဖွေတာ တော်တော်ကောင်းတယ်။ သူ့ရဲ့နည်းစနစ် စွမ်းရည်က တကယ့်ထိပ်တန်းအဆင့် ရောက်လာဖို့လည်း ရှိနေတယ်။ သူ သွင်းယူခဲ့တဲ့ နှစ်ဂိုးစလုံးက အဆင့်မြင်တဲ့ ဂိုးတွေဖြစ်ပါတယ်"ဟု ချီးကျူးခဲ့သည်။

ဖာနန်ဒက်စ်က" ကျွန်တော့်ရဲ့ပစ်မှတ်က တတ်နိုင်သလောက် ဂိုးတွေ အများကြီးသွင်းဖို့ပါ။ ကစားဖော်တွေ ဂိုးတွေ သွင်းနိုင်အောင်လည်း ကြိုးစားသွားမှာပါ။ အဓိက ပစ်မှတ်က ဆုဖလားတွေရဖို့ပါ။ ဂိုးသွင်းနိုင်တာထက် ဆုဖလားတွေရပြီး အောင်မြင်မှုရဖို့က အရေးကြီး ပါတယ်။ ဒုတိယအကျော့ ကစားရဦးမယ်။ အိမ်ကွင်းမှာ ခက်ခဲလောက်မယ်။ လေးဂိုးပြတ် ရလဒ်က ကျေနပ်စရာပါ။ ဒါပေမယ့် ဆိုစီဒက် ဘာလုပ်ပြနိုင်မလဲ ဆိုတာလည်း သတိထားရမယ်"ဟုဆိုသည်။

ဖာနန်ဒက်စ်သည် ၂၀၂၀ ဖေဖော်ဝါရီက မန်ယူနှင့်ပွဲဦးထွက် ပြီးနောက် ပြိုင်ပွဲစုံ၅၈ ပွဲကစားခဲ့ရာ ၅၂ ဂိုး(၃၃ဂိုး/ဂိုးဖန်တီးမှု ၁၉ ကြိမ်) နှင့်ပတ်သတ်ခဲ့ရာ ယင်းကာလ အပိုင်းအခြား၌ အခြားပရီးမီးယားလိဂ် ကစားသမားများထက် ၁၀ ကြိမ် ပိုသာခဲ့သည်။

ပြည့်ဖြိုး ဘာသာပြန်သည်။