''ပုဇွန်တောင်ကြည့်မြင်တိုင်သူနဲ့ မန္တလေးမြို့တော်သူ'' နန်းတော်ရှေ့ဆရာတင်ရေးတဲ့ ရွှေဘိုသနပ်ခါး သီချင်းရဲ့စာသားထဲကလို ရန်ကုန်အရှေ့ပိုင်းမှာ တည်ရှိတဲ့ ပုဇွန်တောင်ဟာ မိန်းမချောများ အလွန်ပေါများရာ အရပ်ဖြစ်သလို ပုဇွန်တောင်ဟာလည်း ရန်ကုန်မြို့ခံတွေကြားထဲမှာ နာမည်ကြီးလှပါတယ်။
''ပုဇွန်တောင်'' ဆိုတဲ့ စကားလုံးဟာ မွန်ဘာသာ(ပသုန်ဒုံ) အသံထွက်(ပဆွန်ဒေ) (ပဆွန်က ငါးလို့အဓိပ္ပာယ်ရှိပြီး ဒေကတော့ တောင်ကုန်း) ကနေလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဇွန်တောင်ဆိုတာက(တောင်ငါးလုံး) ဆိုတဲ့အဓိပ္ပာယ်ကို သက်ရောက်ပါတယ်။ သူ့ပတ်ဝန်းကျင်မှာလည်း တောင်ကုန်းငါးလုံးရှိနေပြီး ပုတော်ကုန်း၊ မအူကုန်း၊ မလွှကုန်း၊ ပိနဲ္နကုန်းနဲ့ ညောင်ကုန်းတွေပဲ ဖြစ်ပါတယ်။
အလောင်းမင်းတရားကြီး အုပ်စိုးစဉ်မှာ ၁၇၅၅ ခုနှစ်မှာ ရန်ကုန်ကိုတည်ထောင်ပြီးနောက် မင်းတရားကြီးဟာ သီရိရဲလှကျော်ထင်ကို ခန့်အပ်ပြီး ပုဇွန်တောင်ရွာကို အုပ်စိုးစေခဲ့ပါတယ်။ ၁၇၅၇ ခုနှစ်မှာ သီရိရဲလှကျော်ထင်ဟာ ရန်ကုန်မြို့တော်ဝန်နဲ့အတူ ပုဇွန်တောင်က ဓမ္မဝိလာသဘုရားကို ပြုပြင်ခဲ့ပါတယ်။
ပထမအကြိမ်နဲ့ဒုတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်မှာ ပုဇွန်တောင်က မြို့တော်ဝန်ရဲ့အိမ်နဲ့ကျီတော်(စတိုခန်း)တွေကို ဖျက်ဆီးဖို့ ရန်ပွဲအချို့ဖြစ်ပွားခဲ့ပါတယ်။ ပုဇွန်တောင်ဟာ ဗြိတိသျှရဲ့ အုပ်စိုးမှုအောက်မှာ ရွာအဖြစ် တည်ရှိခဲ့ပါတယ်။ ၁၈၇၄ ခုနှစ် မတ်လ ၂၆ ရက်မှာ ကင်းဝန်မင်းကြီးဟာ ပြင်သစ်ကို သွားဖို့ စီစဉ်ခဲ့ပြီး ရွှေတိဂုံဘုရားကိုလည်း ဝင်ရောက်ဖူးမြော်ခဲ့ပါတယ်။
ဘုရားဖူးအပြီးမှာ ယိုးဒယားကောင်စစ်ဝန်နဲ့တွေ့ဆုံခဲ့ပြီး သင်္ဘောဆိပ်ကို ဆင်းလာခဲ့ပါတယ်။ ယိုးဒယား ကောင်စစ်ဝန်အိမ်မှာသုံးနာရီကြာနေခဲ့ပြီးတော့ အပြန်မှာတော့ ပုဇွန်တောင် ရွာလမ်းအတိုင်း လမ်းလျှောက်ခဲ့ပါတယ်။ ကင်းဝန်မင်းကြီး ဦးကောင်းဟာ ပုဇွန်တောင်ရွာကို လမ်းလျှောက်တဲ့အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။
ပုဇွန်တောင်ကို အကြောင်းပြုပြီး ပုဇွန်တောင်ချောင်းဆိုတာလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးသော ဓမ္မစေတီခေါင်းလောင်းကြီးသည် ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းကြီးများအနက် ပထမဦးဆုံး ခေါင်းလောင်းကြီးဖြစ်ပြီး ၁၆ဝ၈ ခုနှစ်မှာ ပေါ်တူဂီလူမျိုး ဒီဗရစ်တိုက ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရား ကုန်းတော်ပေါ်ကနေ အဓမ္မယူငင်သွားပြီးနောက် ဖောင်ဖြင့်သယ်ယူရန် ကြိုးစားစဉ် ပုဇွန်တောင်ချောင်းထဲမှာ နစ်မြုပ်သွားခဲ့ပါတယ်။ ခေါင်းလောင်းကြီးဟာ ယခုထက်တိုင် မြစ်အောက်မှာ နစ်မြုပ်နေဆဲဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုတွေကလည်း အောင်မြင်ခြင်း မရှိသေးပါဘူး။
(ဆန်းလင်းထွန်းသည် အလွတ်တန်း စာရေးဆရာတစ်ဦးဖြစ်ပြီး ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးများလည်း ရေးသားသည်)







