CDM ဆန္ဒပြမှုများပြားလာ၍ YBS စီးသူ ၃ ပုံ ၂ ပုံအထိ လျော့နည်း၊ YBS စီးသူ ၂ သိန်းဝန်းကျင်သာရှိ

CDM ဆန္ဒပြမှုများပြားလာ၍ YBS စီးသူ ၃ ပုံ ၂ ပုံအထိ လျော့နည်း၊ YBS စီးသူ ၂ သိန်းဝန်းကျင်သာရှိ

CDM ဆန္ဒပြမှု များပြားလာနေရာ အစိုးရရုံးများနှင့် ပုဂ္ဂလိက အလုပ်များ ဖွင့်လှစ်ခြင်းမရှိသေး၍ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် YBS စီးနင်းသူဦးရေ ၃ ပုံ ၂ ပုံ အထိလျော့နည်းလာပြီး နေ့စဉ် YBS စီးနင်းသူ ၂ သိန်းဝန်းကျင်အထိသာ ရှိကြောင်း YBS ပြေးဆွဲနေသည့် ယာဉ်လိုင်းကုမ္ပဏီများထံမှ ဖေဖော်ဝါရီ ၂၀ ရက်တွင် သိရသည်။

ရန်ကုန်မြို့၌ လူအင်အားသိန်းချီကာ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားနေရာ CDM လှုပ်ရှားမှုအရှိန်မြင့်တက်လာ၍ YBS ပြေးဆွဲသည့် ယာဉ်အစီးရေနည်းပါးလာခဲ့ရာ YBS စီးနင်းသူဦးရေလည်း ကျဆင်းလာနေကြောင်း သိရသည်။

" အခုရက်ပိုင်းဆို YBS စီးသူသိသိသာသာ လျော့ကျသွားတယ်။ ဆန္ဒပြပွဲတွေကလည်း ဆက်တိုက်ဖြစ်ပေါ်နေတာပါတယ်။ CDM ဆန္ဒပြတာတွေ များလာတော့ အစိုးရရုံးတွေ ပုဂ္ဂလိက ကုမ္ပဏီတွေ ဘဏ်တွေ မဖွင့်သေးတော့ YBS စီးသူလည်း နည်းသွားတာပေါ့။ ခရီးသည် မရှိတော့ ထွက်တဲ့ကားအစီးရေလည်း အရမ်းနည်းသွားတယ်။ ကိုဗစ်ကာလက ခရီးသည်က ၅၀ ရာခိုင်နှုန်းလောက်ရှိနေရာက အခုရက်ပိုင်းဆို ၃ ပုံ ၂ ပုံလောက်ကို YBS စီးတဲ့သူက ကျသွားတယ်။ "ဟု YBS ယာဉ်များပြေးဆွဲနေသည့် လူထုမိတ်ဆွေပြည်သူ့အကျိုးပြုယာဉ်လိုင်း ကုမ္ပဏီ Chief Operation Officer ဦးကိုကိုနိုင်က ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာတိုင်းမ်သို့ ပြောကြားသည်။

ကိုဗစ်ဒုတိယလှိုင်းကာလ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် YBS ယာဉ်လိုင်း စီးနင်းသူခရီးသည် ၇ သိန်းနီးပါးရှိခဲ့ရာ YBS ယာဉ်စီးရေ ၃ထောင်ကျော်ခန့်ပြေးဆွဲပေးခဲ့ပြီး နိုင်ငံအရေးပေါ်အခြေအနေကြေညာခဲ့သည့် နောက်ပိုင်းတွင် ရန်ကုန်မြို့၌ ဆန္ဒပြမှုများ နေရာအစုံတွင် ဖြစ်ပွားနေရာ YBS စီးနင်းသည့် ခရီးသည်ထက်ဝက်ကျော်အထိ ကျဆင်းသွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသည်တင် YBS ယာဉ်လိုင်းပြေးဆွဲမှုမှာ နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် YBS ယာဉ် (၁၀၂) လိုင်းမှ မော်တော်ယာဉ် စီးရေ ၁၈၈၁ စီးဖြင့် ခရီးသည် ၂၁၇,၇၆၀  ဦးကို သယ်ယူပို့ဆောင်ပြေးဆွဲပေးခဲ့ပြီး ကိုဗစ်မဖြစ်ခင်ပုံမှန်ကာလတွင် YBS စီးနင်းသူ တစ်ရက်လျှင် ၂ ဒသမ ၅ သန်း ရှိနေကြောင်းYRTA ၏ ထုတ်ပြန်သည့်စာရင်းအရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်