စိတ်ကောင်းရှိဖို့ ပထမ

စိတ်ကောင်းရှိဖို့ ပထမ

မဟာဂနာရုံဆရာတော်ကြီး မြွက်ကြားခဲ့သည့်တရားတို့တွင် စိတ်ထားကောင်းဖို့က ပထမဟူသည်မှာ လူသိအများဆုံးဖြစ်သည်။

လူတိုင်းသည် စိတ်ထားကောင်းဖို့ အစဉ်အမြဲ ကြိုးစားကြရမည်ဖြစ်သည်။ စိတ်ထားကောင်းအောင် ကျင့်ကြံနိုင်ခြင်းဖြင့် စိတ်ချမ်းသာသော ဘဝကို နေနိုင်ကြမည်ဖြစ်၏။ သို့မှသာ လောကီအလုပ်ကို လုပ်သည်ဖြစ်စေ၊ လောကုတ္တရာ အလုပ်ကို လုပ်သည်ဖြစ်စေ အဆင်ပြေနိုင်မည် ဖြစ်သည်။ လူတို့တွင် လုပ်စရာအလုပ်နှစ်မျိုးသာ ရှိသည်။ ယင်းတို့မှာ ကုသိုလ်အလုပ်နှင့် အကုသိုလ်အလုပ်ပင် ဖြစ်သည်။ ယင်းနှစ်မျိုးစလုံးမှလွဲ၍ ကြားအလုပ်ဆိုသည်မှာ မရှိနိုင်ပေ။ သို့ဖြစ်သောကြောင့် မိမိလုပ်သည့်အလုပ်သည် ကုသိုလ်မဖြစ်လျှင်တောင်မှ အကုသိုလ်မဖြစ်ရန် လိုအပ်လှပါသည်။

လူတိုင်းလူတိုင်းသည် စိတ်ချမ်းသာမှုကို လိုလားကြသူချည်းသာ ဖြစ်သည်။ သို့သော်လည်း စိတ်ချမ်းသာမှုချည်း အစဉ်အမြဲ မရနိုင်။ စိတ်ဆင်းရဲမှုများစွာ ကြုံဆုံကြရသည်။ ယင်းစိတ်ဆင်းရဲမှုများကို အတိုင်းအဆမရှိ လက်ခံရယူသူမှာ မိမိသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏ရင်ထဲသို့ ဝင်လာတတ်သည့် လောဘ၊ ဒေါသ၊ ဣဿါမစ္ဆရိယ၊ ရာဂ၊ တဏှာ စသည်တို့ကို လွယ်လွယ်ကူကူ ရယူတတ်သောကြောင့်ပင် ဖြစ်သည်။ ဆိုရလျှင် အယောနိသော မနသီကာရ ဖြစ်လျှင် အကုသိုလ်စိတ်ဖြစ်၍ ယောနိသော မနသီကာရဖြစ်လျှင် ကုသိုလ်စိတ် ဖြစ်လေသည်။

လောကတွင် လူသုံးမျိုးရှိကြောင်း မှတ်သားရသည်။ ပထမတစ်မျိုးမှာ ပင်ကိုပါရမီဓာတ်ခံ အားကောင်းသူဖြစ်၏။ မည်သို့သောအဆိုးများနှင့် တွေ့ကြုံစေကာမူ နှလုံးသွင်းမှန်သည့်အတွက် လောကကို အပြုံးနှင့် ရင်ဆိုင်နိုင်သူ ဖြစ်သည်။ ဒုတိယ လူတစ်မျိုးမှာ ပင်ကိုစိတ်ခံအားနည်းသူဖြစ်၍ အာရုံဆိုးတစ်ခုနှင့် တွေ့လိုက်သည့်အခါ နှလုံးသွင်းမှား၍ အကုသိုလ်စိတ် ချက်ချင်းဖြစ်လေသည်။ သို့သော် ထိုသူမှာ နှလုံးသွင်းမှားခြင်းကို ချက်ချင်းသိ၍ မိမိကိုယ်မိမိ နှလုံးသွင်းမှန်အောင် ဆင်ခြင် ပြုပြင်ပြီးယူပါသည်။ ထို့ကြောင့်ဖြစ်လာသည့် ကုသိုလ်စိတ်မှာ ခဏပင်ဖြစ်လိုက်လေသည်။

တတိယတစ်ဦးမှာမူ အာရုံဆိုးတစ်ခုကို တွေ့လိုက်သည်နှင့် နှလုံးသွင်းမှားမှုကြောင့် အကုသိုလ်စိတ် ချက်ချင်းဝင်သည်။ ယင်းအကုသိုလ်စိတ်သည် မိမိထက် သာလွန်မှုမှန်သမျှတွင် ဖြစ်တတ်၏ မိမိစိတ်အတွေးအာရုံတွင် တွေးမိလေလေ ထိုအတွေးက အကုသိုလ်စိတ်ကို ပို၍တိုးစေလေတော့သည်။ လောကတွင် လူသားတို့အား မညှာမတာ နှိပ်စက်ကလူပြုနေသည်မှာ သူတပါးအပေါ်တွင် မနာလိုဝန်တိုစိတ် (ဣဿါမစ္ဆရိယ) ပင်ဖြစ်သည်။ မနာလိုဝန်တိုတတ်သူသည် ဘုရားရှင်လက်ထက်ကပင် ရှိခဲ့သည်။ ၎င်းတို့မှာ ဒေဝဒတ်နှင့် ဇိဉ္စမာနတို့ဖြစ်၏။

အရှင်ဇနကာဘိဝံသ၏ သင်္ဂြိုဟ်ဋီကာတွင် မစ္ဆရိယသဘောကို 'ရလတ္တံ့၊ ရပြီး၊ ငါ့ပစ္စည်းနှယ်၊ အံ့ချီဖွယ်ကား၊ များကြွယ်သူတစ်ပါး၊ မဖြစ်စေသားဟု၊ ဖြစ်ပွားတတ်လျှင်၊ ဝန်တိုခြင်း၊ မယွင်းမစ္ဆရိယ သဘောတည်း' ဟု ဖော်ပြထားလေသည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် လူသည် လူအများနှင့် တွေ့ဆုံဆက်ဆံနေကြရသည်သာဖြစ်၏။ အချို့သော သူတို့သည် မိမိထက် အစစအရာရာ သာလွန်နိုင်၏။ အချို့မှာ မိမိထက် များစွာနိမ့်ကျနေတတ်၏။ အချို့မှာ မိမိနှင့်တန်းတူညီတူ ရှိတတ်၏။ မည်သို့သောအခြေအနေပင် ဖြစ်စေကာမူ စိတ်ကောင်းစေတနာကောင်းဖြင့် ပြုမူဆက်ဆံတတ်ဖို့ လိုသည်။

သို့ဖြစ်၍ လူမှုဆက်ဆံရေး ကျင့်ဝတ်အဖြစ်...

'သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏
ယွင်းဖောက်အလို၊ ဝန်မတိုနှင့်
သူ့ကိုဂုဏ်နိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏
စည်းစိမ်အရာ၊ သူ့ချမ်းသာသည်
ဣဿါမပြု၊ ဝမ်းမြောက်ရှုလော့ဟု'
ကျမ်းဂန်လာစကား ရှိလေသည်။

ထို့အတူ လူ့အဖွဲ့အစည်းအတွင်း ကြီးသူ၊ ငယ်သူ၊ ထက်အောက်လူနှင့် ပြုမူဆက်ဆံသည့် အခါတွင်လည်း...

'ပညာချင့်ထောက်၊ မာန်မမောက်နှင့်
ကိုယ့်အောက်တန်းတူ၊ အထက်လူဟု
မှတ်ယူမြဲသို၊ သုံးပုဂ္ဂိုလ်တွင်
အောက်ကိုသနား၊ တန်းတူအားမူ
မြှောက်စားအမျှ၊ မယုတ်ချနှင့်
ထက်ကသူ့မှာ ရိုသေရာဟု'
အဆိုရှိလေသည်။

လူဆိုသည်မှာ မိမိ တစ်ဦးတစ်ယောက်တည်း၏ ကောင်းစားရေးကိုသာ ကြည့်၍မရပါ။ အများနှင့် နေထိုင်ရသည်ဖြစ်၍ အောင်မြင်မှုများအတွက် ဝမ်းသာကြည်နူးစိတ် (မုဒိတာတရား) ဖြစ်ထွန်းနိုင်ရမည်ဖြစ်၏။ ကျဆုံးမှုများ၊ ဆုံးရှုံးမှုများအတွက်လည်း စာနာသနားနိုင်ရမည် ဖြစ်၏။ ထိုလူတို့သည် ဆုံးရှုံးနစ်နာမှုများနှင့်ပတ်သက်၍ ထူးခြားသာလွန်သည့်ခံစားမှုမျိုး များစွာမပြသတတ်ကြသော်လည်း ထူးထူးခြားခြား ဖြစ်ထွန်းအောင်မြင်မှုအတွက်မူ ထူးကဲသော မနာလိုဝန်တိုမှုကို များစွာပြသတတ်ကြလေသည်။ ထိုသူတို့၏ နှလုံးအိမ် ပူလောင်ပြင်းပြ ခံစားကြရမည်သာ ဖြစ်သည်။

စင်စစ် လောကကြီးတွင် မိမိတစ်ဦးတည်း ထူးချွန်ထက်မြက်နေရုံဖြင့် မပြည့်စုံနိုင်၊ မိမိ၏ ထူးခြားပြောင်မြောက်မှုများသည် အများပြည်သူအတွက် အကျိုးရှိရာ ရောက်စေသင့်သည်။ ယင်းသို့သော ထူးခြားထက်မြက် အောင်မြင်မှုများအတွက် မုဒိတာ ပွားနိုင်ရပေမည်။ သို့မှသာ ငြိမ်းအေးသော ဘဝကို ရနိုင်ခြင်းနှင့်အတူ မိမိဘဝ၏ ရေခံမြေခံ ကောင်းကိုလည်း ကြိုးပမ်းတည်ဆောက်လိုစိတ်ဖြင့် မြင့်တတ်လာနိုင်မည် ဖြစ်သည်။ သို့ဖြင့်၍ ဖော်ပြပါ လူသုံးမျိုးတွင် ပထမအမျိုးအစားတွင် မပါဝင်စေနိုင်စေကာမူ တတိယအမျိုးအစား မဖြစ်ဖို့ လိုသည်။ လူ့သဘာဝအရ ဖြစ်တတ်သည့် သဘောရှိသော်လည်း ဒုတိယအမျိုးအစားကဲ့သို့ ထိန်းသိမ်း ပြုပြင်နေထိုင်တတ်ကြဖို့ လိုသည်။

သို့ဖြစ်၍ သဘာဝလောကကြီးက လူသားတိုင်းအား အလှကိုယ်စီ၊ စွမ်းရည်ကိုယ်စီ ဝေငှပြီးဖြစ်သည်။ ယင်းအလှတရားများကို မနာလိုဝန်တို၊ မရှုဆိတ်ဖြစ်နေ၍ အလှတရားများ ပျက်ယွင်းသွားမည် မဟုတ်ပေ။ ပုလဲစစ်၊ ပုလဲကောင်းတို့ အရောင်မမှိန်သကဲ့သို့ ငယ်စဉ်ကပင် ရင်ထဲစွဲလမ်းခဲ့သည့် ကဗျာကလေးကဲ့သို့ 'အလှဝန်တို မငြင်ငြိုနှင့် ဝန်တိုမှုသာ မလှရာ၏' ဆိုသည့် အတိုင်းပင်။

ထို့ကြောင့် လူတိုင်း စိတ်ထားကောင်းဖို့ ကြိုးစားတည်ဆောက်ကြသင့်သည်။ မေတ္တာ၊ ကရုဏာနှင့် မုဒိတာတို့၏ စွမ်းအားသည် ကြီးမားလွန်းသည့် အယုတ် အလတ်အမြတ်မရွေး ဆင်ယင်သင့်သော အနဂ္ဃထိုက်တန်သည့် ရတနာများပင်ဖြစ်သည်။ သို့ဖြစ်၍လည်း...

'တန်းတူတွေ့လျှင် မေတ္တာဝင် မဝင်နိုင်က
ပြိုင်တတ်သည်'
'ငယ်သူ (နိမ့်ကျ) တွေ့လျှင် ကရုဏာဝင်
မဝင်နိုင်က နိုင်တတ်သည်'
'ကိုယ့်ထက်သာလျှင် မုဒိတာဝင် မဝင်နိုင်
ကယိုင်တတ်သည်'
ဟူ၍ ဆိုခဲ့ကြလေသည်။