မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြသော အမေရိကန် ကုမ္ပဏီများ၊ ရေနံကုမ္ပဏီ Total နှင့် Woodside တို့အပါအဝင် နိုင်ငံတကာကုမ္ပဏီ ၁၂ ခုက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပေါ် စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေကြောင်း ပူးတွဲကြေညာချက်တစ်စောင်ကို ဖေဖော်ဝါရီ ၁၉ ရက် ညက ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်နေသော Carlsberg ၊ Coca-Cola Myanmar ၊ Ericsson ကုမ္ပဏီအုပ်စု၊ Heineken ၊ H&M Group၊ Maersk၊Nestlé ၊ Ooredoo ၊ တယ်လီ နော၊ Unoca Myanmar အပါအဝင် ရေနံကုမ္ပဏီကြီးများဖြစ်ကြသည့် ပြင်သစ်Total ကုမ္ပဏီနှင့် သြစတြေးလျကုမ္ပဏီ Woodside စသည့် စီးပွားရေးလုပ်ငန်းများမှ လက်မှတ်ရေးထိုးထားသောကြေညာချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာပြီးကတည်းက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်များအား စိုးရိမ်ပူပန်မှုစွာဖြင့် စောင့်ကြည့်နေကြသည်ဟု ဆိုသည်။
အဆိုပါကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ၊ စစ်ဆင်ရေးများ၊ဒေသတွင်းမိတ်ဖက်များနှင့် ထုတ်ကုန်များမှတစ်ဆင့် ဒေသခံအလုပ်အကိုင်ပေါင်းတစ်သိန်းကျော်ကို ကူညီပံ့ပိုးပေးနေကြောင်းနှင့် ၎င်းတို့ အလုပ်ခန့်ထားသော အလုပ်သမားအားလုံး၏ လုံခြုံရေးနှင့် မြန်မာပြည်သူများအတွက် မရှိ မဖြစ်လိုအပ်သော ဝန်ဆောင်မှုများပေးအပ်ရန်တို့ကို ဆောင်ရွက်နေသည်ဟု ဆိုသည်။
“အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်တွင်းက လက်ရှိအခြေအနေတွေကို အနီးကပ် စောင့်ကြည့် နေပြီး ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေနဲ့ ကန်ထရိုက်တွေရဲ့ ဘေးကင်းရေးနဲ့ အန္တရာယ်မရှိရေး၊ ကျန်းမာရေးတွေအတွက် လုပ်ကိုင်နေပါတယ်။ မြန်မာပြည်ရဲ့လက်ရှိအခြေအနေတွေကို သူတို့စိုးရိမ်နေပြီး မြန်မာပြည်သူတွေရဲ့လိုလားတဲ့ တောင်းဆိုချက်တွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဆွေးနွေးညှိနှိုင်းပြီး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေတယ်”ဟု ပြင်သစ်ကုမ္ပဏီ Total က ဆိုသည်။
မကြာသေးမီရက်များအတွင်း ၎င်းတို့၏ ဝန်ထမ်းများ လုံခြုံမှုအပါအဝင် အစားအစာနှင့် သောက်စရာ၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှု စသည်တို့ကို မြန်မာပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ရရှိစေရန် ၎င်းတို့၏လုပ်ငန်းများကို လိုက်လျော ညီထွေဖြစ်အောင် ကြိုးပမ်းခဲ့သည်ဟု သိရသည်။
၎င်းတို့၏ ဝန်ထမ်းများနှင့် မြန်မာပြည်သူများအပေါ် ကတိကဝတ်ပြုထားကာ တွေ့ဆုံဆွေးနွေးရေးနှင့် ပြန်လည် သင့်မြတ်ရေးအပေါ် အခြေခံ၍ လက်ရှိပြည်သူလူထု၏ ဆန္ဒနှင့်အကျိုးစီးပွားအပေါ် အခြေခံကာ လက်ရှိအခြေ အနေကို လျင်မြန်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်သည်ဟု အဆိုပါကုမ္ပဏီများက ဆိုသည်။
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အသင်းအဖွဲ့ များအပါအဝင် အခြေခံလွတ်လပ်ခွင့်များကို လေးစားခြင်းနှင့် တရားဥပဒေစိုးမိုးမှုတို့ ရရှိထားသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် မြန်မာ ပြည်သူများနှင့်အတူ မျှဝေခံစားသော နေရာတစ်ခုတွင် နေထိုင်ကြပြီး တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကို လေးစားခြင်းနှင့် လွတ်လပ်စွာ သတင်းအချက်အလက် စီးဆင်းမှုအားလုံးကသာလျှင် တည်ငြိမ်သော စီးပွားရေးဝန်းကျင်ကို ဖြစ်ပေါ် စေသည်ဟု ယင်းကုမ္ပဏီများက ဆိုသည်။
၎င်းတို့သည် မြန်မာနိုင်ငံ၌ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ရန် အမြဲတမ်းကြိုးပမ်းခဲ့ပြီး ILO သဘောတူညီချက်များအပါအဝင် ကုလသမဂ္ဂစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူများနှင့်အညီလုပ်ဆောင်ခဲ့ပြီး ဆက်လက် ဖြစ်ပွားနေသော လူ့အခွင့်အရေးများနှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေးဆိုင်ရာ သမာဓိရှိမှုများကို သေချာစွာ လေ့လာခြင်းအပြင် သက်ဆိုင်သောအရေးယူမှုများနှင့် အမေရိကန် နိုင်ငံ အကျင့်ပျက်ခြစားမှုအလေ့အထ အက်ဥပဒေ (FCPA)၊ ဗြိတိန်နိုင်ငံ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးဥပဒေနှင့် မြန်မာနိုင်ငံ လာဘ်ပေးလာဘ်ယူမှု ဥပဒေ များနှင့် အညီလိုက်နာခြင်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
အလားတူ ချဉ်းကပ်မှုမျိုးကို မျှဝေသည့် ဒေသခံ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လက်တွဲ၍ ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့၏ စီးပွားရေးတည်ရှိမှု၊ အလေ့အကျင့်များနှင့် စီးပွားရေး လုပ်ငန်းအားလုံးအတွက် တန်းတူညီမျှသော အခွင့်အရေးများကို ထောက်ခံ အားပေးမှုများအပြင် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများအပေါ်ထားရှိသည့် ကတိကဝတ်သည် မြန်မာနိုင်ငံရှိ ပွင့်လင်းမှုနှင့် ဒီမိုကရေစီလမ်းကြောင်းသို့ သိသိသာသာအထောက်အကူပြုကြောင်း ၎င်းတို့ ယုံကြည်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။







