နယူးကာဆယ်နှင့်ပွဲ၌ ပေါ့ဘာ ပါမည်မဟုတ်ဘဲ ဗန်ဒီဘိခ်နှင့် ကာဗာနီတို့ပါဝင်ရန် စောင့်ကြည့်ရမည်

နယူးကာဆယ်နှင့်ပွဲ၌ ပေါ့ဘာ ပါမည်မဟုတ်ဘဲ ဗန်ဒီဘိခ်နှင့် ကာဗာနီတို့ပါဝင်ရန် စောင့်ကြည့်ရမည်

နယူးကာဆယ်နှင့် ကစားရမည့်ပွဲတွင် ကွင်းလယ်လူ ပေါ့ဘာနှင့် နောက်ခံလူ ဖီးဂျုံးစ်တို့ပါဝင်မည်မဟုတ်ဘဲ ဗန်ဒီဘိခ်နှင့် တိုက်စစ်မှူး ကာဗာနီတို့ပါဝင်ရန်မှာ အခြေအနေစောင့်ကြည့်ရမည်ဖြစ်ကြောင်း မန်ယူနည်းပြဆိုးလ်ရှားက ပြောကြားခဲ့သည်။

မန်ယူသည် ကြာသပတေးနေ့က ဆိုစီဒက်နှင့် ယူရိုပါလိဂ် ကစားခဲ့ပြီးနောက် အီတလီမှပြန်လည်ရောက်ရှိကာ နယူးကာဆယ်နှင့် ပွဲအတွက် အကောင်းဆုံးပြင်ဆင်လျက်ရှိရာ ဒဏ်ရာရနေသော ကစားသမားများနှင့်ပတ်သက်၍ နည်းပြဆိုးလ်ရှားက အသိပေးခဲ့ခြင်းဖြစ်သည်။

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ဒဏ်ရာကြောင့် အနားယူနေရပြီး ဖေဖော်ဝါရီ၌ ကစားမည့်ပွဲများကို လွဲချော်မည်ဖြစ်သည့်အပြင် မတ်လအစောပိုင်းတွင် မန်စီးတီးနှင့်ကစားရမည့် အရေးကြီးပွဲစဉ်ကိုလည်း လွဲချော်ရန် ရှိနေသည်။ သို့ဖြစ်ရာ ပေါ့ဘာမှာနောက်ခံလူ ဖီးလ်ဂျုံးစ်နည်းတူ နယူးကာဆယ်နှင့်ပွဲတွင် ပါဝင်မည်မဟုတ်ပေ။  နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်နှင့် ဥရုဂွေးတိုက်စစ်မှူး ကာဗာနီတို့မှာ တူရင်သို့ လိုက်ပါခြင်းမရှိဘဲ ဆိုစီဒက်နှင့် ပွဲကိုလွဲချော်ခဲ့သည်။

နည်းပြဆိုးလ်ရှားက" နယူးကာဆယ်နဲ့ ပွဲမှာ ဗန်ဒီဘိခ်နဲ့ ကာဗာနီတို့ ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အတိအကျတော့ ပြောလို့မရသေးပါဘူး။ ပေါ့ဘာနဲ့ဖီးလ်ဂျုံးစ်တို့ကတော့ နားရဦးမှာဖြစ်လို့ကစားနိုင်မှာ မဟုတ်ဘူး။ တွန်မီနေးရဲ့အခြေအနေကိုတော့ ကျွန်တော် မသိသေးပါဘူး"ဟု ပြောသည်။

ဆက်လက်၍ ဆိုးလ်ရှားက ပရီးမီးယားလိဂ်အမှတ်ပေး ဇယားကို ဦးဆောင်နေသော မန်စီးတီးအသင်းကို သတိပေးပြောဆိုခဲ့ပြီး ချန်ပီယံတိုက်ပွဲမပြီးဆုံးသေးဟု တပ်လှန့် ခဲ့သည်။ မန်ယူအနေဖြင့် တစ်ပွဲချင်းစီကို အနိုင်ရရန်ကစားမည်ဖြစ်ပြီး မန်စီးတီးကို ဖိအားပေးမည်ဟု ဆိုးလ်ရှားကဆိုသည်။ မန်ယူသည် နယူးကာဆယ်နှင့် ကစားပြီးပါက လာမည့် ပရီးမီးယားလိဂ်သုံးပွဲတွင် ချယ်လ်ဆီး၊ပဲလေ့စ်၊မန်စီးတီးတို့နှင့်တွေ့ဆုံနေသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။