တောင်စွန်းငါးပေါင်းထုပ်

တောင်စွန်းငါးပေါင်းထုပ်
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ဆေးဖက်လည်းဝင်ပြီး ခံတွင်းမြိန်စေမယ့် မွန်ရိုးရာဒေသစာ တောင်စွန်းငါးပေါင်းထုပ်လေးကို ဒီတစ်ပတ်အတွက် ချက်ပြပါရစေ။

အဖိုးအဖွားလက်ထက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တောင်စွန်းကစတင်နာမည်ကြီးလာတဲ့ တောင်စွန်းငါးပေါင်းထုပ်လေးက လုပ်ရတာတော့ နည်းနည်းလက်ဝင်လှပြီး ပါဝင်တဲ့အမယ်တွေလည်း များပြားလှပါတယ်။

ပါဝင်ပစ္စည်းများကတော့ လတ်လတ်ဆတ်ဆတ် ရဲယိုရွက်(အရွက်ကြီးလျှင် ၁၅ရွက်ခန့်)၊ ငှက်ပျောဖူးတစ်ဖူး၊ ငှက်ပျောရွက် (နှစ်လိပ်ခန့်)၊ ငါးကြင်း (၂၅ ကျပ်သား)၊ ဂျင်း၊ စပါးလင်၊ ဆန်မှုန့်၊ ကြက်သွန်နီ(သုံးဥ)၊ ကြက်သွန်ဖြူ(တစ်ဥ)၊ ဆီ၊ ဆား၊ နနွင်းနှင့် အရောင်တင်မှုန့် အနည်းငယ် လိုအပ်ပါတယ်။

ရဲယိုရွက်၊ ငှက်ပျောရွက်၊ ငှက်ပျောဖူးနှင့် အရွယ်တော်တုံးထားတဲ့ ငါးကြင်းကို ရေစင်အောင်ဆေးကြောပါ။ ငှက်ပျောဖူးအပြင်က ရင့်တဲ့အရွက် ငါးရွက်၊ ခြောက်ရွက်ခန့်ကို ခွာထုတ်လိုက်ပြီး အတွင်းက နုတဲ့ငှက်ပျောဖူးကို အဝိုင်းအနေအထားပါးပါးလှီးပါ။ ကြက်သွန်နီနှစ်ဥခန့်ကို ပါးပါးလှီးပြီးရေစစ်ထားပါ။

ကျန်ကြက်သွန်နီဥကိုတော့ အရောင်တင်မှုန့်၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် စပါးလင်တို့ဖြင့် ထောင်းထားပါ။ ပြီးပြီဆိုရင်တော့ ဇလုံကြီးတစ်ခုထဲကို ငါးတုံးတွေထည့်ပြီး ဂျင်း၊ စပါးလင်ထောင်းထားတဲ့အနှစ်တွေနဲ့ ပါးပါးလှီးထားတဲ့ ငှက်ပျောဖူး၊ ကြက်သွန်နီတို့ကိုထည့်ပါ။

ဆီအနည်းငယ်နဲ့ ဆန်မှုန့်အနည်းငယ်ကိုထည့်ပြီးသမအောင်မွှေပေးပါ။ ပြီးရင်တော့ ငှက်ပျောရွက် အပေါ်မှာရဲယိုရွက် နှစ်ရွက်ခန့် ထပ်ပြီး နယ်ထားတဲ့ငါးတုံးများနှင့် ငှက်ပျောဖူးအစာပလာများကို မျှမျှတတထည့်ပေးပါ။ ပြီးရင်တော့ အရွက်ကို ထုပ်လိုက်ပါတော့။ အရွက်ကိုထုပ်ပိုးတဲ့အခါ ပြေမသွားအောင် သွားကြားထိုးတံလေးများ အသုံးပြုနိုင်ပါတယ်။

ထမင်းပေါင်းအိုးထဲ ရေထည့်ပြီး ဆူအောင်အရင်တည်ပါ။ ပေါင်းအိုးထဲက ရေနွေးဆူပြီဆိုရင် အပေါ်ကစကာထဲ ငါးပေါင်းထုပ်များ ထည့်ပေါင်းနိုင်ပါပြီ။ တစ်နာရီခန့်ထိ ပေါင်းရတတ်ပြီး အရွက်တွေနူးပြီး အနံ့မွှေးလာရင်တော့ ပူပူနွေးနွေး တောင်စွန်းငါးပေါင်းထုပ်လေးကို ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

 
[