လူလေးယောက်စာ အမဲသား လေးဆယ်သားအတွက် ကိုင်းသီးတစ်ဆယ်သားက လုံလောက်ပါတယ်။ အမဲသားဝယ်ရင်တော့ အသားများဖို့ အကြံပြုပါရစေ။ တချို့ဈေးသည်တွေက အမဲသားဝယ်ရင် အရွတ်ပါတဲ့အပိုင်းကို ရွေးပြီးပေးတတ်ကြပါတယ်။ အရွတ်များရင် နုတ်နုတ်စဉ်းရတာခက်သလို စားတဲ့အခါမှာလည်း သွားကြားပိုညပ်လို့ပါ။
လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ အမဲသား လေးဆယ်သား၊ ကိုင်းသီး တစ်ဆယ်သား၊ ဆီ ထမင်းစားဇွန်း လေးဇွန်း၊ ကြက်သွန်နီလေးလုံး၊ ကြက်သွန်ဖြူ ခုနစ်မြွှာ၊ ချင်းလက်တစ်ဆစ်၊ မိုးမျှော်သီးတောင့် ၁၅ တောင့်၊ မဆလာ လဖက်ရည်ဇွန်းတစ်ဝက်၊ ပင်စိမ်းရွှက်အနည်းငယ်၊ ငရုတ်သီးအစိမ်းမှုန့် တစ်ဇွန်း၊ နနွင်းမှုန့် အနည်းငယ်၊ ဆား၊ အချို့မှုန့်တို့ပဲဖြစ်ပါတယ်။
လုံးချက်မှာဖြစ်တဲ့အတွက် ပထမဆုံးဝယ်လာတဲ့ အမဲသားတွေကို နုတ်နုတ်စဉ်းပါမယ်။ ကိုင်းသီးတွေကို ပါးပါးလှီးပြီးတော့ နုတ်နုတ်စဉ်းထားတဲ့ အမဲသားထဲကို ဆီ၊ ဆား၊ အချို့မှုန့်၊ မဆာလာနဲ့ အတူရောနယ်ပြီးနှပ်ထားရပါမယ်။ ကိုင်းသီးတွေကိုလည်း ပါးပါးလှီးပါမယ်။ ကြက်သွန်နီ၊ ဖြူနဲ့ ဂျင်းကိုလည်း ရောထောင်းရပါမယ်။
ငရုတ်သီးစိမ်းကိုလည်း သပ်သပ်ထောင်းထားရပါမယ်။ ပြီးရင် ဟင်းချက်ဖို့ ပြင်ဆင်ပါမယ်။ အရင်ဦးဆုံး ထောင်းထားတဲ့ ကြက်သွန်နီ၊ ဖြူတွေကို ဆီသတ်ရပါမယ်။ ဆီသတ်ပြီးလို့ အနံ့မွှေးလာပြီဆိုရင် နှပ်ထားတဲ့ အမဲသားကိုထည့်ပါ။ ဟင်းအိုးထဲထည့်ပြီး မွှေနေရင်း ငါးမိနစ်လောက်ကြာတဲ့အခါမှာ အမဲသားထဲပါလာတဲ့ ရေတွေ ကုန်သွားပါလိမ့်မယ်။ ပြီးရင် အမဲသားနူးတဲ့အထိ ရေထပ်ထည့်ပါ။
အမဲသားနူးလာပြီဆိုရင်တော့ ထောင်းထားတဲ့ ငရုပ်သီးတောင့်တွေကို ထည့်လိုက်ပါ။ တစ်မိနစ်ခန့်မွှေပြီးရင် ပင်စိမ်းရွက်ထည့်ရပါမယ်။ ဒါဆိုရင် ချဉ်ချဉ်စပ်စပ်နဲ့ ပင်စိမ်းရွက်အနံ့သင်းတဲ့ အမဲသားစဉ်းကော ကိုင်းသီးချက် ရမှာဖြစ်ပါတယ်။
ဒီဟင်းကို ဘူးသီးဟင်းခါး၊ ကဒက်မြစ်ဟင်းချိုတို့နဲ့ တွဲဖက်ပြီးစားသုံးရင် ပိုပြီးလိုက်ဖက်ပါတယ်။

