ချဉ်ချဉ်စပ်စပ် မန်ကျည်းသီးစိမ်း ငါးငပိချက်ဟင်း

ချဉ်ချဉ်စပ်စပ် မန်ကျည်းသီးစိမ်း ငါးငပိချက်ဟင်း
ဆီပြန်ဟင်းနဲ့ အကြော်အလှော်တွေပဲ တစ်လှည့်စီချက်စားနေရတာကို အီတယ်လို့ ခံစားနေရတဲ့ အိုးသူကြီးကဒီတစ်ပတ်တော့ ချဉ်ချဉ်စပ်စပ် ဟင်းလေးတစ်ခွက်ချက်ဖို့ ပြင်ဆင်ထားပါတယ်။

အရည်သောက်ဟင်းအရွက်ကြော်နဲ့ ဆီပြန်ဟင်းစသဖြင့် ဖွယ်ဖွယ်ရာရာချက်ပြုတ် ပြင်ဆင်ရတာ ပင်ပန်းပါတယ်။ အိုးသူကြီး ဒီတစ်ပတ်ချက်မယ့်ဟင်းကတော့ ဒီဟင်းလေးအပြင် အရွက်ပြုတ်၊ တို့စရာလေး ပြင်ဆင်လိုက်ရင် ထမင်းစားမြိန်ပြီမို့ မီးဖိုချောင်ထဲမှာအချိန် သိပ်မကုန်တော့ဘူးပေါ့။ ဟင်းကတော့ မန်းကျည်းသီးစိမ်း ငါးငပိချက်ပါ။

ပါဝင်ပစ္စည်းများ- မန်ကျည်းသီးစိမ်း၊ ငရုတ်သီးစိမ်း၊ ငပိအနည်းငယ်၊ နှစ်သက်ရာငါးတစ်မျိုးမျိုး၊ ဆီ၊ ဆား၊ နနွင်း၊ ကြက်သွန်အဖြူ၊ ကြက်သွန်အနီ၊ ဟင်းခပ်မှုန့်။

ပထမဆုံး နှစ်သက်ရာ ငါးတစ်မျိုးမျိုးကို ချက်တုံးလေးတွေ တုံးထားပါ။ အိုးသူကြီးကတော့ ငါးကြင်းကိုသုံးထားပါတယ်။ ဟင်းက ဆီပြန်ရေပြန် (ဆီကျန်ရေကျန်) ချက်မှာ ဖြစ်တဲ့အတွက် ငါးကြင်းအမြီး၊ ငါးကြင်းခေါင်းနဲ့ ငါးဗိုက်သားတွေကို အသုံးပြုထားပါတယ်။ ဟင်းအနှစ်အရည်ထဲမှာ ငါးအရိုးက အချိုရည်တွေ ဝင်နေအောင်လို့ အရိုးများတဲ့အပိုင်းတွေကို သုံးထားတာပါ။ ကြော်လိုက်ရင် ငါးဗိုက်သားကအဆီတွေ ဟင်းကြော်ဆီထဲ ပျော်ဝင်သွားတတ်လို့ အိုးသူကြီးက ငါးဗိုက်သားကို ချက်စားတာများပါတယ်။

ငါးကို ဆား၊ နနွင်းနဲ့ ဟင်းခပ်မှုန့်ထည့်ပြီး နယ်ထားပါ။ ကြက်သွန်အဖြူနဲ့ ကြက်သွန်နီအနည်းငယ်ကို ထောင်းထားပါ။ မန်ကျည်းသီးစိမ်းကို အပေါ်ခွံကို ဓားလေးနဲ့ပြောင်အောင်ခြစ်ပြီး ရေဆေးပါ။ မန်ကျည်းသီးစိမ်းနုနုလေးတွေ ရတယ်ဆိုရင်တော့ ရေနဲ့ ပွတ်ဆေးလိုက်ရုံနဲ့ အဆင်ပြေပါတယ်။ မန်ကျည်းသီးစိမ်းကို ထောင်းထားပါ။ ချက်မယ့်အိုးပူလာရင် ဆီအနည်းငယ်ထည့်ပြီး ဆီဆူလာရင် နနွင်းထည့်ပါ။

ကြက်သွန်အဖြူနဲ့ ကြက်သွန်နီ ထောင်းထားတာကို ထည့်ဆီသတ်ပါ။ ဆီသတ်တာ ရွှေညိုရောင်သန်းလာပြီး မွှေးလာပြီဆိုရင် ငပိထည့်ပါ။ တချို့ကတော့ ငပိကို ရေဖျော်ပြီးထည့်တတ်ကြပေမယ့် အိုးသူကြီးကတော့ ဒီအတိုင်းထည့်လိုက်ပါတယ်။ အဲဒါကြောင့် ငပိကိုနာနာလေး ဇွန်းနဲ့ဖိပြီး မွှေပေးရပါတယ်။ ငပိစိမ်းနံပျောက်ပြီဆိုရင် မန်ကျည်းသီးစိမ်းထောင်းထားတာ ထည့်မွှေပါ။

မန်ကျည်းသီးစိမ်းအနံ့လေး မွှေးလာပြီဆိုရင် ငါးတွေထည့်ပြီးမွှေပါ။ ငါးအပေါ်ယံ အသားတင်းလာပြီဆိုရင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။ ရေဆူလာပြီး ဆီကျန်ရေကျန် အနေအထားလေးဖြစ်ပြီ၊ အရသာ မြည်းပြီး စိတ်ကြိုက်အနေအထားရပြီဆိုရင် ငရုတ်သီးစိမ်း လေးစိတ်ကွဲထောင်းထားတာ ထည့်လိုက်ပါ။

ဟင်းအပေါ့အငံထည့်တဲ့နေရာမှာ အိုးသူကြီး အကြံပေးချင်တာက ဟင်းက အချဉ်နည်းတယ်လို့ထင်ရင် ဆားသုံးပါ။ အချဉ်စူးနေတယ်ဆိုရင် ငါးငံပြာရည်ကို သုံးစေချင်ပါတယ်။ ဟင်းအရသာပေါ်မူတည်ပြီး မန်းကျည်းသီးစိမ်း ထောင်းထားတာကိုလည်း ထပ်ထည့်လို့ရပါတယ်။ မန်းကျည်းသီးက အညှီနံ့မရှိတဲ့အတွက် နောက်မှ ထပ်ထည့်ရင်လည်း အဆင်ပြေပါတယ်။

ဒါဆိုရင်တော့ မန်ကျည်းသီးစိမ်း ငါးငပိချက်လေး ရပါပြီ။ ချဉ်ချဉ်စပ်စပ်လေးမို့ နှစ်သက်ရာ အတို့အမြှုပ်နဲ့ စားလိုက်ရင် ထမင်းမြိန်စေမှာပါ။

 
[