ငါးကြင်းဆီးဖြူသီးချက်

ငါးကြင်းဆီးဖြူသီးချက်
ဆောင်းရာသီ ရောက်ပြီဆိုတော့ ဆီးဖြူသီးတွေလည်း လှိုင်လှိုင်ပေါလို့လာပါပြီ။ မနက်ခင်း ဈေးတွေကို သွားတဲ့အခါ ပလတ်စတစ်ဇလုံတွေထဲ၊ ဈေးဗန်းတွေထဲမှာ နို့ဆီဗူးတစ်လုံးနဲ့ အတူပုံထားတဲ့ ဆီးဖြူသီးတွေကို ဒီရက်ပိုင်းတွေမှာ ခပ်စိပ်စိပ်လေး တွေ့လာရပါတယ်။ ဆိုတော့ အိုးသူကြီးက ဒီအပတ်မှာ ရာသီစာ ဆီးဖြူသီးကို ငါးကြင်းနဲ့ ချက်ပြပေးမှာ ဖြစ်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေကတော့ လူလေးယောက်စာအတွက် ဆီသတ်ဖို့ ကြက်သွန်ဖြူ တစ်လုံး၊ အနီ သုံးလုံး၊ ဆီ၊ နနွင်းမှုန့်အနည်းငယ်၊ ငါးကြင်း ငါးဆယ်သား၊ ဆီးဖြူသီး နို့ဆီဘူးတစ်ဘူးခန့်၊ မိုးမျှော်သီးတောင့် ၁၅ တောင့်၊ ဆား၊ ကြက်သားမှုန့်၊ နံနံပင်တို့ပဲ ဖြစ်ပါတယ်။

ပထမဆုံး ငါးကြင်းကို ဟင်းချက်တုံးတုံးပြီး ဆား၊ ကြက်သားမှုန့်၊ နနွင်းမှုန့်တို့နဲ့ ရောနယ်နှပ်ထားပါ။ ဆားထည့်ထားတဲ့ ရေနွေးဆူဆူထဲမှာ ဆီးဖြူသီးကို ငါးမိနစ်ခန့် ထည့်ပြုတ်ပါ။ ပြုတ်ပြီးရင် ဆီးဖြူသီးကို ဆယ်ပြီး အထဲကအစေ့ကို ထုတ်ရမှာဖြစ်ပါတယ်။ ပြီးမှ ကြက်သွန်ဖြူနီတို့ကိုထောင်းပါ။ ပြီးရင် ဆီသတ်ပါ။ ဆီသတ်လို့ အနံ့မွှေးလာပြီဆိုရင် ငါးကြင်းကို အရင်ထည့်ပြီး လုံးကြော်ပေးရပါမယ်။

ငါးကြင်းအပြင်ဘက်က အဝါရောင်သန်းပြီး အသားလေးတွေ ကျက်စပြုလာပြီဆိုရင် အစေ့ထုတ်ထားတဲ့ ဆီးဖြူသီးအသားတွေကိုထည့်ပြီး အနည်းငယ် မွှေပေးရပါမယ်။ ပြီးရင် ငရုတ်သီးစိမ်း ထည့်ရပါမယ်။ ရေကိုလည်း ဟင်းအိုးထဲက ငါးကြင်းမြုပ်လောက်ရုံထည့်ပြီး တည်ထားပေးရပါမယ်။

ရေဆူလာပြီဆိုရင် ဟင်းလည်းကျက်ပြီဖြစ်ပါတယ်။ ဆီးဖြူသီး အချို့ကတော့ ဟင်းအိုးထဲမှာ ပျော်ဝင်သွားမှာဖြစ်ပြီး အချဉ်၊ အချို၊ အဖန် သုံးမျိုးအရသာရှိတဲ့ ငါးကြင်းဆီးဖြူသီးချက်ကို နံနံပင်အုပ်ပြီး အဆုံးသတ်လိုက်လို့ရပြီပဲ ဖြစ်ပါတယ်။

 
[