သစ်ကြံပိုး ကြက်ကင်

သစ်ကြံပိုး ကြက်ကင်
ခရစ်စမတ်၊ နှစ်သစ်ကူးပိတ်ရက်တွေမှာ ဘာတွေလုပ်စားရမလဲ ကြံစည်နေသူတွေအတွက် အကူအညီဖြစ်စေမယ့် စားစရာတစ်မည်ကို အိုးသူကြီးက အကြံပြုချင်ပါတယ်။

အဲတာကတော့ ဒီလိုရာသီလေးနဲ့လည်းလိုက်ဖက်တဲ့ သစ်ကြံပိုးနံ့မွှေးမွှေးနဲ့ အရသာရှိတဲ့ ကြက်ကင်လေးပါပဲ။ လူစုံတဲ့ ပိတ်ရက်တွေမှာ ဝိုင်းဖွဲ့စားဖို့ အလိုက်ဖက်ဆုံးလို့လည်း ဆိုနိုင်ပါတယ်။

ကြက်ကင်လုပ်ဖို့လိုတဲ့ ပါဝင်ပစ္စည်းတွေကတော့ အသားတိုးကြက်၊ ဒိန်ချဉ်၊ သစ်ကြံပိုး၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ဆား၊ သကြားတို့ပဲဖြစ်ပါတယ်။

ပထမဆုံးကြက်သားတွေကို ရေစင်အောင်ဆေးပြီးရေစစ်ထားပါမယ်။ အသားတိုးကြက်က နူးလွယ်၊ ကျက်လွယ်ပေမယ့် အဆီများတတ်တော့ အဆီကြောက်သူတွေက ရေဆေးပြီးတဲ့အခါ အဆီတွေကို တခါတည်းဖယ်ထုတ်ထားသင့်ပါတယ်။

ရေစစ်ထားတဲ့ ကြက်သားတုံးတွေကို ဇလုံတစ်ခုထဲထည့်ပြီး အသားတွေထဲ အရသာစိမ့်ဝင်အောင် ဓားနဲ့ ပါးပါးမွှန်းတာမျိုး၊ အပေါက်လေးတွေ ဖောက်တာမျိုး လုပ်ပေးရပါမယ်။ ကြက်သားထဲ ဒိန်ချဉ်၊ ဆား၊ နနွင်းအနည်းငယ်၊ ငရုတ်ကောင်း၊ သကြား၊ ပဲငံပြာရည်တွေ ထည့်ပါမယ်။ ပြောဖို့မေ့တော့မလို့။ ဒီနေ့ဟင်းလျာရဲ့ ဇာတ်လိုက်ဖြစ်တဲ့ သစ်ကြံပိုးလည်း ထည့်ပါမယ်နော်။

ပြီးရင် အားလုံးနှံ့အောင်ရောနယ်ပြီး နာရီဝက်၊ ၄၅ မိနစ်လောက် နှပ်ထားရပါမယ်။ အရသာစိမ့်ဝင်လောက်ပြီဆို စကင်ပါတော့မယ်။ အိုးသူကြီးကတော့ Air Fryer နဲ့ ကင်တာပါ။ ကြက်သားတုံးတွေကို Air Fryer ထဲမှာ ငွေရောင်ခဲပြားလေးခံပြီး ထည့်ပါမယ်။

ပြီးရင် အပူချိန် ၁၈၀ ဒီဂရီစင်တီရိတ်နဲ့ မိနစ်၂၀ လောက် ကင်ပါမယ်။ အချိန်စေ့လို့ စက်ရပ်သွားပြီဆိုရင် ကြော်ခွက်ကို စက်ထဲကထုတ်ပြီး အသားတွေကို တစ်ဖက်လှန်ပေးရပါတယ်။ နောက် ပထမတုန်းကကင်တဲ့ အပူချိန်အတိုင်း ၁၅ မိနစ်လောက် ဆက်ကင်ပါတယ်။

ပြီးပြီဆိုရင်တော့ အသားနူး၊မနူး မြည်းကြည့်ပြီး အသားနူးပြီဆိုရင်တော့ မွှေးပျံ့အရသာရှိတဲ့ ကြက်ကင်လေးက စားဖို့အဆင်သင့်ဖြစ်ပြီဖြစ်ပါတယ်။

 
[