ပိန္နဲသီးနုနုလေးတွေပေါတဲ့ ခုလိုရာသီကိုရောက်ရင် အကြီးက အိုးသူကြီးကို ခဏခဏသုပ်ကျွေးလေ့ရှိပြီးတော့ အိုးသူကြီးအကြိုက်ဆုံး လက်ရာတွေထဲမှာ ပါပါတယ်။
အကြီးက ပိန္နဲသီးနုနုကိုပြုတ်ပြီး ကျောက်ပွင့်အမည်းရောင်နဲ့ သုပ်ပြတာဖြစ်ပြီး အိုးသူကြီးအခုနေနေတဲ့ ရန်ကုန်မှာ ကျောက်ပွင့်အမဲရောင် မရတာကြောင့် အဖြူရောင်နဲ့ပဲ သုပ်ပြပါမယ်။ အရသာတော့ နည်းနည်းကွာသွားတာပေါ့။
ပိန္နဲသီး ကျောက်ပွင့်သုပ်၊ သုံးလေးယောက် တစ်နပ်စာအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ပိန္နဲသီး(အတွင်းသားနုနု) သုံးဆယ်သား၊ ကျောက်ပွင့်တစ်ထုပ်၊ ခရမ်းချဉ်သီးသုံးလုံး၊ ကြက်သွန်နီ၊ ရှောက်ရွက်အနည်းငယ်၊ ငပိ(ဖုတ်ပြီး)အနည်းငယ်၊ ငရုတ်သီးအကျက်မှုန့်၊ ပဲအကျက်မှုန့်၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ငရုတ်သီးစိမ်းအတောင့်နှစ်ဆယ်၊ ကြက်သွန်ဖြူ(အသေး)၊ ဆီနဲ့အချဉ်အတွက် မရမ်းပြားစိမ်ရေ (သို့မဟုတ်) မန်ကျည်းရေတို့ပဲဖြစ်ပါတယ်။
ပထမဆုံး ပိန္နဲသီးကိုပြုတ်ပြီး အသေးဆုံးဖြစ်အောင် စိပ်ထားရပါမယ်။ ကျောက်ပွင့်ကို ရေစိမ်ထားရပါမယ်။ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ ကြက်သွန်နီတို့ကို ပါးပါးလှီး ထားရပါမယ်။ ပြီးရင် ကြက်သွန်ဖြူကို ဆီသတ်ပါမယ်။
အားလုံးအဆင်သင့်ဖြစ်ရင် ပါဝင်ပစ္စည်းအားလုံးထည့်ပြီး ရောနယ်လိုက်ပါ။ မရမ်းပြားစိမ်ထားတဲ့အရည်က အချဉ်စူးတဲ့အတွက် နည်းနည်းပဲ ထည့်ဖို့လိုပါတယ်။
အပေါ့အငံ နှစ်သက်သလို ပြင်ပြီးပြီဆိုရင်တော့ ထမင်းမြိန်မြိန်စားဖို့ ပိန္နဲသီး ကျောက်ပွင့်သုပ်တစ်ခွက် ရသွားပြီပဲဖြစ်ပါတယ်။
