ရမည်းသင်း တို့ဟူးကြော်

ရမည်းသင်း တို့ဟူးကြော်
ဒီဟင်းကို ဘာလို့ ရမည်းသင်းတို့ဟူးကြော်ဆိုပြီး နာမည်ပေးရလဲဆိုတော့ ရမည်းသင်းသားတစ်ယောက်က အိုးသူကြီးတို့ကို ကြော်ကျွေးလေ့ရှိလို့ပါ။ အိုးသူကြီးအခန်းမှာ အတူနေသူ လူသုံးယောက်ရှိပြီး တစ်ယောက်က ရမည်းသင်းဇာတိဖြစ်ပါတယ်။ ဒီတို့ဟူးကြော်ဟာ သူတို့နေထိုင်တဲ့ မန္တလေးတိုင်းထဲမှာရောင်းချတဲ့ သားရေစာ အစားအစာတစ်ခုဖြစ်ပြီး သူက အလုပ်ပိတ်ရက်တွေမှာ အိုးသူကြီးတို့ကို ကြော်ကျွေးလေ့ရှိပါတယ်။ အိုးသူကြီးက သူကြော်တဲ့ တို့ဟူးကြော်နည်းနဲ့ အချဉ်ရေလုပ်နည်းကို ပြန်လည်မျှဝေမှာပါ။

ပါဝင်တဲ့ပစ္စည်းတွေကတော့ လူလေးယောက်စာအတွက် တို့ဟူးလေးဆယ်သား၊ နံနံပင်၊ ငရုတ်သီး မိုးမျှော်တောင့်၊ ခရမ်းချဉ်သီး(ကိုင်းသီး) ငါးလုံး၊ ပဲပင်ပေါက် နှစ်ဆယ်သား၊ ဂေါ်ဖီတစ်စိတ်၊ ဆား၊ အချိုမှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ပဲဖြစ်ပါတယ်။

ပထမဆုံး တို့ဟူးကို တစ်လုပ်စာ အတုံးသေးသေးလေးတွေ လှီးရပါမယ်။ ပြီးရင် တို့ဟူးအတုံးလေးတွေကို ခက်ရင်း၊ ဓား (သို့) တူလေးနဲ့ အပေါက်ဖြစ်အောင် ထိုးပေးရပါမယ်။ အပေါက်ဖြစ်မှ ကြော်တဲ့အခါ ဆီတွေက အထဲထိဝင်မှာဖြစ်ပါတယ်။ ပြီးရင် ဒယ်အိုးထဲဆီထည့်ပြီး အပြင်က နီညိုရောင်သန်းလာတဲ့အထိ ကြော်ရပါမယ်။

တို့ဟူးကြော်ပြီးရင် အချဉ်ရေလုပ်ပါမယ်။ တို့ဟူးကြော်စားကောင်းဖို့အတွက် အချဉ်ရည်က အရေးကြီးပါတယ်။ ပထမဆုံး ခရမ်းချဉ်သီး (ကိုင်းသီး)တွေကို အိုးထဲမှာ ရေနည်းနည်းထည့်ပြီး ပြုတ်ရပါမယ်။ ကြက်သွန်ဖြူအနည်းငယ်၊ ချင်းအနည်းငယ်နဲ့ ငရုပ်သီးတောင့်ခပ်များများ (အိုးသူကြီးတို့ကတော့ အစပ်ကြိုက်လို့ တော်တော်များများထည့်ပါတယ်)ကို ရောထောင်းရပါမယ်။

ခရမ်းချဉ်သီးကို ပြုတ်ပြီးရင် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဇွန်းနဲ့ပဲဖြစ်စေ၊ လက်နဲ့ ဖြစ်စေချေပေးရပါမယ်။ ပြီးသွားလို့ရှိရင် ခုဏက ခရမ်းချဉ်သီးပြုတ်ထားတဲ့ရေထဲကိုပဲ ခရမ်းချဉ်သီးအကြေ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီး ထောင်းထားတာတွေကို ထည့်ပြီး မွှေပေးရပါမယ်။ ဆားနဲ့ အချို့မှုန့်ကိုလည်း အရသာလိုသလောက် ထပ်ထည့်ရပါမယ်။

တို့ဟူးကြော်လည်းရပြီ။ အချဉ်ရေလည်းရပြီဆိုရင် ပန်းကန်တစ်ခုကိုယူ၊ အချဉ်ရေကိုထည့်၊ ပဲပင်ပေါက်၊ လှီးထားတဲ့ ဂေါ်ဖီနဲ့ တို့ဟူးကြော်ကိုထည့် အချဉ်ရေကို လောင်းချလိုက်ရင်တော့ ရှူးရှူးရှဲရှဲနဲ့ အရသာကောင်းတဲ့ ရမည်းသင်းတို့ဟူးကြော်ကို စားလို့ရပါပြီ။

 
[